ဆွီဒင်ကျောင်းသူ

July 27, 2018

အာဖဂန်ပြန်ပို့ခံရမည့်သူကို ဆွီဒင်ကျောင်းသူက လေယာဉ်ပေါ် ငိုယိုဆန္ဒပြ ကယ်တင် (ရုပ်သံ)

လေယာဉ်ပေါ်မှာ အာဖဂန်ပြန်ပို့ခံရမယ့် သူတယောက်ကို မိခင်နိုင်ငံ ပြန်မပို့ဖို့ ဆွီဒင်ကျောင်းသူလေးက တကိုယ်တော်ဆန္ဒပြပြီး ကယ်တင်နိုင်ခဲ့တဲ့ရုပ်သံဟာ လူမှုကွန်ရက်မှာ ထောက်ခံသူ၊ ကန့်ကွက်သူတွေနဲ့ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့က ဆွီဒင်ကျောင်းသူ Elin Ersson ဟာ ဆွီဒင်နိုင်ငံ ဂူတင်ဘတ်ကနေ အစ္စတန်ဘူကို ပျံသန်းမယ့် လေယာဉ်ကို လိုက်ပါစီးနင်းဖို့ နေရာယူနေရင်း လေယာဉ်ပေါ်မှာ အာဖဂန်နစ္စတန်ကို ပြန်ပို့ခံရတော့မယ့် လူတယောက် ရှိနေတာကို သိလိုက်ပါတယ်။ ဒုက္ခသည်တွေကို ဥရောပနိုင်ငံတွေကနေ သူ့ မူရင်းနိုင်ငံတွေဆီ ပြန်ပို့နေတာ မတရားဘူးလို့ ယူဆနေတဲ့ Elin Ersson ဟာ လေယာဉ်ပေါ်မှာထိုင်ဖို့ ငြင်းဆန်ရင်း တကိုယ်တော် ဆန္ဒပြပါတယ်။ အာဖဂန်ပြန်ပို့ခံရတော့မယ့် အဲဒီလူကို လေယာဉ်ပေါ်ကနေ ပြန်မခေါ်မချင်း လေယာဉ်ထွက်လို့မရအောင် မတ်တပ်ရပ်နေပြီး တကိုယ်တော် ကန့်ကွက်ဆန္ဒပြတာပါ။ လေယာဉ်ထွက်ခါနီးမှာ လေယာဉ်ဝန်ထမ်းတွေက ချော့မော့ပြီး သူ့ကိုထိုင်ခိုင်းပေမယ့် သူက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီလို ကန့်ကွက်ဆန္̔ဒပြနေတာကို ဖေ့စ်ဘွတ်ခ်မှာ ၁၄ မိနစ်လောက်ကြာအောင် တိုက်ရိုက်ထုတ်လွှင့်ပြီး အများသိအောင် တင်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ တကိုယ်တော် မတ်တပ်ရပ်ဆန္ဒပြပွဲကြောင့် လေယာဉ်မထွက်ခွာနိုင်တာကို မကျေနပ်တဲ့ တခြားခရီးသည်တယောက်က သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဖုန်းကို လုယူခဲ့ပေမယ့် လေယာဉ်ဝန်ထမ်းတယောက်က ပြန်လည်လုယူပေးခဲ့ပါတယ်။ ငိုယိုအော်ဟစ်ရင်း မတ်တပ်ရပ် ဆန္ဒပြနေတဲ့သူ့ကို ခရီးသည်တချို့က ထောက်ခံအားပေးကြပါတယ်။ နောက်ဆုံးမှာတော့ ပြန်ပို့ခံရမယ့် အာဖဂန်တယောက်ကို လေယာဉ်ပေါ်ကနေ ပြန်လည်ခေါ်ဆောင်သွားတဲ့အခါ ခရီးသည်တွေ အတော်များများက လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။ Elin Ersson ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်ဟာ ၂ ရက်အတွင်းမှာ ကမ္ဘာတလွှား ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၁၀ သန်းကျော်ဆီ ချက်ချင်းပျံ့နှံ့သွားပြီး ထောက်ခံအားပေးသူတွေ၊ ကန့်ကွက်ရှုတ်ချသူတွေ မျိုးစုံထွက်ပေါ်နေတာ တွေ့ရပါတယ်။
3 years Ago
Up