ဆွီဒင်တွင် ကုန်တင်ကားကြီးက

April 8, 2017

ဆွီဒင်တွင် ကုန်တင်ကားကြီးက ကုန်တိုက်ထဲဝင်တိုက်၊ ၅ ဦး သေဆုံး (ရုပ်သံ)

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်မှာ ဘီယာတင် ကုန်ကားတစီးက လူထူထပ်တဲ့ ဈေးလမ်းထဲ အတင်းမောင်းဝင်လာပြီး ကုန်တိုက်ထဲ ဝင်တိုက်ခဲ့လို့ လူအနည်းဆုံး ၅ ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရတယ်လို့ ဒေသခံရုပ်သံ SVT မှာ ဖော်ပြပါတယ်။ ကုန်တိုက်အထဲမှာ ရုပ်ရှင်ကြည့်သူတွေ၊ ရုံးလုပ်သားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ရှိနေတာပါ။ ရဲတွေက မြို့လယ်ရဲ့ ကျယ်ပြန့်တဲ့ ဒေသတဝိုက် မဝင်ရနယ်မြေ ကန့်သတ် စည်းတားခဲ့လို့ ယာဉ်ကြောတွေ ပြတ်တောက် ကုန်ပါတယ်။ တိုက်ခိုက်မှုအပြီးမှာ မြို့ရဲ့ မြေအောက် ရထားလမ်းစနစ်ကို ပြန်စဖို့ ဘေးကင်းကြောင်း ရှင်းလင်းခဲ့ပါတယ်။ မြို့လယ်က ဘတ်စ်ကား ယာဉ်ကြောအားလုံးကတော့ ရပ်နေခဲ့တယ်လို့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ နေရာနဲ့ အနီးဆုံး ဘူတာ ၂ ခုမှာ ရထားတွေရပ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မဖမ်းမိသေးဘူးလို့ ဆွီဒင်ရဲတွေက ပြောပါတယ်။ ခေါင်းစွတ် ဆွယ်တာ မီးခိုးရောင် ဝတ်ထားတဲ့ အမျိုးသားတယောက်ရဲ့ ပုံကို ဆွီဒင်ရဲတွေက ပြပြီး လိုက်လံရှာနေတယ်လို့ ပြောပါတယ်။ တခြားတိုက်ခိုက်သူတွေ ပါနိုင်တဲ့ ဖြစ်နိုင်ချေကိုလည်း သူတို့က ပယ်ချပါတယ်။ ဆွီဒင်ဝန်ကြီးချုပ်ကတော့ တိုက်ခိုက်ခံရတဲ့လုပ်ရပ်ကိုကြည့်ရင် အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှု ဖြစ်ပုံရတယ်လို့ ပြောပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန် မခံကြသေးပါဘူး။
4 years Ago
Up