ဆွာချောင်း ရေလှောင်တမံရေလျှံ၍ ၊ ရန်ကုန်-မန္တလေးအမြန်လမ်း ခေတ္တပိတ်ထား

August 29, 2018

ဆွာချောင်း ရေလှောင်တမံရေလျှံ၍ ရန်ကုန်-မန္တလေးအမြန်လမ်း ခေတ္တပိတ်ထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းတမံ ရေပိုလွှဲဆည် အတွင်းဘက်နံရံ ပဲ့ကျမှုကြောင့် ဆွာချောင်းတလျှောက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ခေတ္တပိတ်ထားရပါတယ်။ သာဂရ ရဲစခန်းက ရဲအုပ်ရာဇာလင်းက “ဆွာချောင်းရေလှောင်တမံက ရေပိုလွှဲ ပြတ်ကျတာဗျာ။ ရေပိုလွှဲပြတ်ကျပြီး ရေတွေ ဒလဟော ဆင်းတဲ့အခါကျတော့ အခု အဲဒီရဲ့ အကျိုးဆက်နဲ့ လမ်းပေါ်ရေကျော်တယ်။ ရေကျော်ပြီး ရေက ပြန်ကျသွားပြီ။ အခု ဆွာချောင်းတံတားက  ရန်ကုန်-မန္တလေးလမ်းပိုင်းက နိမ့်သွားပါတယ်ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အမြန်လမ်းရေကျော်မှုကြောင့် ရန်ကုန်ကနေ လာရင် မိုင်တိုင် ၁၅၁ ကနေပိတ်ပြီး နေပြည်တော်ကနေ လာရင်တော့ ၁၇၃ မှာ လမ်းပိတ်ထားတယ်လို့လည်း ရဲအုပ်ရာဇာလင်းက ပြောပါတယ်။ ရေပိုလွှဲပြတ်ကျမှုကြောင့်လည်း ဆွာမြို့ပေါ်မှာ ရေတွေ ဒလဟော အတက်မြန်နေပြီး ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပါတယ်။ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲဟာ ဒီမနက်  ၆ နာရီအချိန်ခန့်မှာ ရေပိုလွှဲကနေ ရေစီးရေကျော်အရှိန်ကြောင့် ရေပိုလွှဲရဲ့ ယာဘက်အခြမ်း ပဲ့ကျခဲ့တာလို့ အစိုးရ ပြန်ကြားရေးကလည်း သတင်းထုတ်ထားပါတယ်။ ဒီမနက် ၉ နာရီကျော်လောက်မှာတော့  ရေပိုလွှဲမှ ရေတပေခွဲကျော်ခန့် စီးထွက်နေပြီး တမံကြီး ကျိုးကျပျက်စီးမှုတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ လတ်တလော ရေထွက်မှုများလာလို့  မူလချောင်းရေပြည့် ရေလျှံကာ ပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ဆွာမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ  ရေကြီးနေပြီး ကူညီ ကယ်ဆယ်ရေးတွေ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၆၅/၁ နဲ့  ၁၆၅/၃ ကြား၊ ဆွာဆည် ဘဲနှုတ်သီးကျိုးမှုကြောင့် အမြန်လမ်းမကြီးဘေးရှိ တမံဆည်ရွာနဲ့ လှည်းလမ်းကူးရွာတို့မှာ ရေဝင်နေသလို ဆွာမြို့ပေါ်ရှိ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နဲ့ တောင်ပိုင်းရပ်ကွက်တို့မှာ  ရေ ၃ ပေခန့် ဝင်ရောက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ လတ်တလော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတားကို  ပိတ်ထားပြီဖြစ်ပါတယ်။
3 years Ago
Up