ဆွာချောင်းတမံ

August 29, 2018

ဆွာချောင်းတမံကျိုးလို့ ရေကြီးချိန် လမ်းဖြတ်ကူးသူ ၆ ဦး ရေစီးနဲ့ မျောပါသွား

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ ဆွာချောင်းတမံ ရေပိုလွှဲနံရံကျိုးကျလို့ ရေကြီးနေချိန်မှာ ဆိုင်ကယ်နဲ့ လမ်းဖြတ်ကူးတဲ့ လူ ၆ ယောက် ရေစီးနဲ့ မျောပါသွားတယ်လို့  ဒေသခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီမနက်ပိုင်းက တမံကျိုးပြီး ရေတွေဒလဟောစီးနေချိန်မှာ ဖြတ်ကူးကြတဲ့အတွက် ရေထဲမျောပါ ပျောက်ဆုံးနေတာလို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။ “အမြန်လမ်း ၁၆၅ မိုင်နဲ့ ၁၆၈ ကြားလောက်မှာ ဖြစ်တာ။ ရေကျလာတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ ဖြတ်ကူးကြတာတဲ့။ ၆ ယောက် ပါသွားတယ်လို့ ကြားတယ်။ အခုအချိန်အထိတော့ မတွေ့သေးဘူး။ ဒီလှိုင်းလုံးနဲ့ ဆိုရင်တော့ သေဖို့ များတာပေါ့” နောက်ထပ် သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေကိုတော့ ထပ်မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ ရေတာရှည်မြို့နားအထိ ရေတွေရောက်လာပြီး ကျေးရွာပေါင်း ၁၉ ရွာလောက် ရေနစ်မြုပ်နေတယ်လို့လည်း ပြောပါတယ်။ ဆွာရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှတော့ အသေအပျောက်စာရင်းတွေ မသိရသေးဘူးလို့ ပြောပါတယ်။
5 years Ago
Up