ပေါင်မြို့၊ ကဒါမြို့သစ်၊ ပေါင်-ထန်းပင်ချောင်ကားလမ်းဘေး၊ မြေကွက်ရှိ ရွှေတိဂုံဖူးမြှော်စေတီ ဂရုဓမ္မအခါတော်နေ့နဲ့ ဆွမ်းတော်တထောင်တင်လှူပူဇော်ပွဲကို စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူတွေက သစ်သီးဆွမ်းတွေ လာရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
နှစ်စဉ် တော်သလင်းလပြည့်နေ့ရောက်တိုင်း မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးများနေထိုင်ရာ မြို့နယ်တွေမှာ မွန်ရိုးရာ ဆွမ်းတော်တထောင် တင်လှူပူဇော်ပွဲ ကျင်းပလေ့ရှိရာ မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ မွန်ဘုန်းကြီးကျောင်းတွေမှာလည်း စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းမှစတင်ကာ သစ်သီးဆွမ်းတွေ လာရောက်ကပ်လှူနေခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်စဉ် တော်သလင်းလပြည်နေ့မှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရပ်တိုင်းရွာတိုင်းက မွန်ဘုန်းတော်ကြီးကျောင်းတွေမှာ မိမိတို့ တတ်စွမ်းနိုင်သမျှ လုပ်အား၊ အလှူငွေအားတွေနဲ့ သဘောင်္တစီး တည်ဆောက်ကာ ဆွမ်း၊ တံခွန်၊ ကုက္ကကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်း၊ ဆီမီး စတဲ့ လှူဖွယ်ဝတ္ထုအမျိုးမျိုးတို့နဲ့ ယင်းသင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ တင်လှူပူဇော်ခဲ့ ကြပါတယ်။
ရွှေတိဂုံဖူးမြော်စေတီဖြစ်မြောက်ရေးဥက္ကဋ္ဌ နိုင်ဟန်သိန်းက "ဓမ္မစေတီမင်းရဲ့ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်း မွန်ရာဇဝင် ဓမ္မစေတီကျမ်းအရ သီလ စင်ကြယ်တဲ့ သာသနာပြုရဟန်းတော်တွေ မွေးထုတ်နိုင်ဖို့ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်မှာ သီဟိုဠ် (သီရိလင်္ကာကို မွန်သံဃာတော် ၄၄ ပါးကို ဓမ္မစေတီမင်းက ရာမဒူတနဲ့ စိတြဒူတသင်္ဘော နှစ်စီးနဲ့ စေလွှတ်တော်မူခဲ့ပြီး သံဃာတော် ၄၄ ပါးတို့က ကလျာဏီသိမ်မှာ ရဟန်းအသစ် ခံယူခဲ့ကြပြီး တော်သလင်းလဆုတ် နှစ်ရက်နေ့မှာ စိတြဒူတသင်္ဘော ကောင်းမွန် ချောမွေ့စွာ ပြန်ရောက်ခဲ့တာကို အကြောင်းပြုကာ ပြုလုပ်ရခြင်းဖြစ်တယ်"လို့ပြောပါတယ်။
ကလျာဏီသိမ်မှာ ရဟန်းအသစ်ခံယူခဲ့ကြတဲ့ သံဃာတော် ၄၄ ပါး အပြန်ခရီးစဉ်မှာ သဘောင်္နှစ်စီးအနက် ရာမဒူတသဘောင်္က ခရီးစဉ်ချောမွေ့စွာ ပြန်ရောက်နိုင်ခဲ့ပေမယ့်လည်း စိတြဒူတသဘောင်္ကာ လေပြင်းမုန်တိုင်းမိတဲ့အတွက် သဘောင်္မမှောက်ပေမယ့်လည်း လိုရာခရီးပန်းတိုင်ဆီ အပြီးမဆိုက်ရောက်နိုင်ခဲ့တာကြောင့် နှစ်စီးမျှော်တစီးသာ ပေါ်လာတဲ့အခါ မင်းနှင့် တိုင်းသူပြည်သူသားတွေက ရတတ်မအေး ပူဆွေးခဲ့ကြရပြီး ဓမ္မစေတီမင်းက ပြန်မရောက်လာတဲ့ သဘောင်္တစီးပေါ်ပါ ရဟန်းသံဃာတော်တွေ ဘေးအန္တရာယ်မကျရောက်ရလေအောင် မင်းနဲ့ တိုင်းသူပြည်သားအပေါင်းတို့က စိတြဒူတ သဘောင်္ပုံသသဏ္ဌာန် ဖန်တီးတည်ဆောက်ပြီး တော်သလင်းလပြည့်မနက် အာရုံချိန် ယင်းသဘောင်္ပေါ်မှာ တထောင်မကတဲ့ လှူဖွယ်ဝတ္ထုအစုစုကို စုပေါင်းထည့်ပြီး အတုမရှိဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး ဆွမ်းတော်ကြီးကို ဘုရားကပ်လှူပူဇော် သီလခံယူ ဆောက်တည်ကာ ဆုတောင်းခဲ့ကြကြောင်း မွန်သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဆွမ်းတော်တထောင်တင်လှူပွဲကြီးကို မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးအများဆုံး နေထိုင်တဲ့ ရပ်ကွက်/ကျေးရွာတွေမှာလည်း ကျင်းပနေပြီး တော်သလင်းလပြည့်နေ့ မနက်မှာ စတုမဓု ဆွမ်းလောင်းလှူပွဲတွေကို ကျင်းပလေ့ရှိပါတယ်။
သတင်း - ယူမင်းစိုး
6 years Ago