ဆွန်ဟောင်မင်၏ ချေပဂိုးဖြင့် စပါးနှင့် ဝက်စ်ဟမ်း သရေကျ

January 5, 2018

ဆွန်ဟောင်မင်၏ ချေပဂိုးဖြင့် စပါးနှင့် ဝက်စ်ဟမ်း သရေကျ (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက်တဂိုးစီ သရေကျသွားပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အယ်လီ၊ အဲရစ်ဆင်၊ ဒိုင်ယာ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းမှာတော့ တိုက်စစ်မှူး အင်ဒီကာရိုးလ် ဒဏ်ရာကြောင့် ပွဲထွက်မပါဝင်နိုင်ဘဲ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ပြီး ကျန်အဓိက ကစားသမားတွေဖြစ်တဲ့ ဟာနန်ဒက်ဇ်၊ လန်ဇီနီ၊ အိုဘီယန်၊ နိုဘဲလ်၊ ကူရာတေးတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ကစားပုံ ကောင်းမွန်မှု၊ ဂိုးသမားနဲ့ နောက်ခံလူတွေ ကာကွယ် ဖျက်ထုတ်နိုင်မှုတွေကြောင့် စပါးအသင်း လိုအပ်တဲ့အနိုင်ဂိုး ရယူနိုင်ခြငိး မရှိခဲ့ပါဘူး။ ဒီပွဲရဲ့ အဖွင့်ဂိုးကို ဝက်စ်ဟမ်းက ရရှိသွားပြီး ပွဲချိန် မိနစ် ၇၀ မှာ ကွင်းလယ်ကစားသမား အိုဘီယန်က စပါးအသင်း ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး ရယူပေးခဲ့တာပါ။ စပါးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၄ မိနစ်မှာ တိုက်စစ်မှူး ဆွန်ဟောင်မင်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲသရေကျတဲ့ စပါးအသင်းဟာ ရမှတ် ၄၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာပဲ ဆက်လက်ရပ်တည်နေပြီး ဝက်စ်ဟမ်းအသင်းကတော့ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၅ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
3 years Ago
Up