ဆုံးဖြတ်ပြီးစီး

September 30, 2017

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအားလုံး ဆုံးဖြတ်ပြီးစီး

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် တင်သွင်းခဲ့တဲ့ ကန့်ကွက်လွှာအမှုတွေအားလုံး ဆုံးဖြတ်ပြီးသွားခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၁ မှုနိုင်ပြီး အန်အယ်လ်ဒီပါတီက ၅ မှုနိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်ကို တင်သွင်းတဲ့ ကန့်ကွက်လွှာအမှု ၅ ခု ရှိပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို တင်သွင်းတဲ့ ကန့်ကွက်လွှာအမှုက တခုရှိပါတယ်။ စက်တင်ဘာ ၂၈ ရက်က နောက်ဆုံး ဆုံးဖြတ်ခဲ့တဲ့ ကန့်ကွက်လွှာ အမှုက မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ ဝင်းမြင့်အောင်က အဲဒီမဲဆန္ဒနယ်က ရွေးကောက်တင်မြှောက်ခံရတဲ့ အန်အယ်လ်ဒီက ဦးညွန့်အောင်ကို ကန့်ကွက်ခဲ့တာပါ။ ဒီအမှုမှာ ဦးညွန့်အောင်ကို ရွေးကောက်တင် မြှောက်ထားတာ အတည်ဖြစ်ပြီး ကန့်ကွက်လွှာကို ပလပ်တဲ့အတွက် တရားစရိတ် ငွေကျပ် ၁ သိန်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် အနိုင်ရတဲ့ အမှုကတော့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အန်အယ်လ်ဒီ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာဝဏ္ဏစိုးက အဲဒီမဲဆန္ဒနယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်ကို ကန့်ကွက်ခဲ့တာပါ။ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုးရဲ့ ကန့်ကွက်လွှာကို ပလပ်ပြီး ဦးရှာမွေလရှဲန်ကို ရွေးကောက် တင်မြှောက်ထားတာဟာ တရားဝင်အတည်ဖြစ်တယ်လို့ အမိန့်ချမှတ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းပေါင်း ၉၄ ယောက် ယှဉ်ပြိုင်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က ၆ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ – ကယားပြည်နယ် (ANDP) တွေက တစ်နေရာစီ အနိုင်ရခဲ့တာပါ။
4 years Ago
Up