ဆဲဆိုရိုက်နှက်

March 7, 2020

ယာဉ်ထိန်းရဲများအား ဆဲဆိုရိုက်နှက်ခဲ့သည့် အမျိုးသမီးနှင့်အတူပါလာသူကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

မြောက်ဥက္ကလာပမြို့နယ်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ဆဲရေးတိုင်းထွာပြီး ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးနဲ့အတူပါလာသူကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောပါတယ်။  ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ မတ်လဆန်းအတွင်း မော်တော်ယာဉ်စည်းကမ်း ချိုးဖောက်တဲ့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေစဉ် အမျိုးသမီးတဦးကနေ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ဆဲရေးတိုင်းထွာပြီး ရေသန့်ဘူးနဲ့ ပစ်ပေါက်တဲ့အပြင် ထီးနဲ့ ရိုက်နှက်ခဲ့တဲ့အပေါ် အဲဒီအမျိုးသမီးနဲ့ သူနဲ့အတူပါလာတဲ့အမျိုးသားတဦးကို မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့တာပါ။ အဲဒီအမျိုးသမီးနဲ့ အဖော်တဦးကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု၊ ပြည်သူ့ဝန်ထမ်းအား အပြင်းအထန် ဒဏ်ရာရစေမှု၊ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို တာဝန်မထမ်းဆောင်နိုင်အောင် ဟန့်တားနှောင့်ယှက်မှုတွေနဲ့ တရားစွဲဆိုခဲ့တာလို့ ရဲမှူးမျိုးအောင်မြင့်က ဆိုပါတယ်။ လက်ရှိမှာတော့ ကျူးလွန်သူနဲ့ အဖော်ဖြစ်သူကို အာမခံပေးလို့ရတဲ့အမှု ဖြစ်တာကြောင့် အာမခံပေးထားပေမယ့် ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။  သက်သေအထောက်အထားခိုင်လုံစွာနဲ့ ဆက်လက်တရားစွဲဆိုသွားမယ်လို့လည်း ရဲမှူးမျိုးအောင်မြင့်က ပြောပါတယ်။
1 year Ago
Up