လွှတ်တော်ထဲမှာ သတင်းသမားကို ဆဲဆိုခဲ့တဲ့ တပ်မတော်သား အမတ်ရဲ့ ရုပ်သံဗီဒီယို အွန်လိုင်းမှာ ပျံ့သွားပြီးနောက် နေပြည်တော်လွှတ်တော်မှာ သတင်းရယူမယ့် သတင်းသမားတွေကို ပိုမို တင်းကျပ် ကန့်သတ်လိုက်ပါတယ်။
သြဂုတ် ၁၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မကျင်းပခင်မှာ လွှတ်တော်အတွင်း သတင်းရယူနေတဲ့ သတင်းမီဒီယာသမားတွေကို လွှတ်တော် တာဝန်ရှိသူတွေက သတင်းရယူရမယ့် စည်းကမ်းချက်တွေ လိုက်လံပေးဝေခဲ့ပါတယ်။
ဒီစည်းကမ်းချက်တွေအရ လွှတ်တော်အတွင်း သတင်းရယူသူတွေအနေနဲ့ လွှတ်တော်က သက်မှတ်ပေးထားတဲ့ အင်တာဗျူးပြုလုပ်ဖို့ နေရာ နှစ်နေရာနဲ့ အစည်းအဝေးကျင်းပနေစဉ် ရိုက်ကူးပြသထားတဲ့ လွှတ်တော်အဆောက်အအုံရဲ့ ဒုတိယထပ် လူသွားစင်္ကြလမ်းက တီဗီရှေ့ကနေ တဆင့်သာ သတင်းရယူခွင့်ရှိတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ လွတ်လပ်စွာသတင်းရယူခွင့်နဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို မေးမြန်းနိုင်ခွင် အပိုင်းတွေမှာ အရင်ကထက်ပိုမိုတင်းကျပ်တဲ့ အခြေအနေမျိုးဖြစ်ပေါ်စေတယ်လို့ လွှတ်တော် သတင်းထောက် တွေက ပြောပါတယ်။
လွှတ်တော် သတင်းထောက်တဦးဖြစ်တဲ့ ကိုရဲနိုင်က “သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေဆိုလိုခြင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု အဆင့်ဝန်ကြီးတွေအတွက် တရားဝင်ရှောင်လွှဲခွင့် ရရှိအောင် လွှတ်တော်အနေနဲ့ ဖန်တီးပေးရာ ရောက်စေတယ်လို့” ပြောပါတယ်။
လွှတ်တော်ထဲ သတင်းရယူနေတဲ့ သတင်းသမားအပေါ် ဆဲဆိုခဲ့တဲ့ တပ်မတော်သား အမတ်တဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သတင်းမီဒီယာမှာ ဖော်ပြခဲ့တဲ့အတွက် အရေးယူပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က လွှတ်တော်ကိုတင်ပြခဲ့လို့ ဒုတိယ အကြိမ်မြောက် ထုတ်ပြန်လိုက်တာပါ။
ဒီထုတ်ပြန်ချက်မတိုင်ခင်မှာတော့ လွှတ်တော်၊ အစိုးရနဲ့ သတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုဟာ လွှတ်တော်အတွင်း သတင်း မီဒီယာသမားတွေနဲ့ တပ်မတော်ကိုယ်စားလှယ်တို့အကြား ဖြစ်ပွားခဲ့တဲ့ ကိစ္စအပေါ် အခြေခံဆွေးနွေးတယ်လို့ သိရပေမယ့် လွှတ်တော်မှာ သတင်းယူနေတဲ့ သတင်းသမားတွေကိုတော့ ဘယ်အဖွဲ့အစည်းကမှ မေးမြန်းတာမျိုးမရှိခဲ့ပါဘူး။
လွှတ်တော်တွင်း သတင်းရယူနေတဲ့ သတင်းမီဒီယာသမားတွေရဲ့ မြေပြင်အခြေအနေကို မေးမြန်းခြင်းမရှိဘဲ တပ်မတော်ရဲ့ တင်ပြတောင်းဆိုမှုအပေါ်တစ်ဖက်သက်ဆုံးဖြတ်ပြီး အခုလို စည်းကမ်းချက်တွေထုတ်ပြန်တာဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ လွှတ်တော်သတင်း ထောက် ကိုမင်းမင်းက ပြောပါတယ်။
သတင်းရယူခွင့် စည်းကမ်းချက်ထုတ်ပြန်မှာတော့ ထုတ်ပြန်ရတဲ့ အကြောင်းအရာ ဖော်ပြထားခြင်း မရှိပါဘူး။
ဒီအတွက်လွှတ်တော်သတင်းရယူနေတဲ့ မီဒီယာသမားတွေအနေနဲ့ ထုတ်ပြန်ချက်မှာ ဆက်သွယ်ဖို့ ဖော်ပြထားတဲ့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူး ဦးမောင်မှူးကို သွားရောက်မေးမြန်းရာမှာတော့ မီဒီယာကော်နာမှာ လာရောက်ဖြေဆိုပေးမယ်လို့ ပြောဆိုခဲ့ ပေမယ့် လာရောက်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
5 years Ago