အီးယူဥက္ကဋ္ဌ ချားလ်စ် မီချယ်က ဥရောပသမဂ္ဂ(အီးယူ)ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ဆေးရှာတွေ့ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ မပြတ်တောက်စေဖို့ နယ်စပ်တွေကို ဖွင့်ထားရေးဟာ ဦးစားပေးဖြစ်ကြောင်း ထုတ်ပြန်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံကြား အကြီးအကဲတွေဟာ ဗွီဒီယိုကွန်ဖရင့် ပြုလုပ်ပြီးနောက် စီးပွားရေးထိခိုက်မှုတွေကို ကုစားနိုင်ဖို့၊ ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်တရပ်ကိုလည်း ဘဏ္ဍာရေးဝန်ကြီးတွေက နှစ်ပတ်အတွင်း အသေးစိတ်ရေးဆွဲလုပ်ဆောင်ဖို့ သဘောတူခဲ့ကြ တယ်လို့ မီချယ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဖြစ်ကတည်းက အီးယူဟာ စီးပွားရေးပြန်နှိုးဆွဖို့၊ နိုင်ငံတွေကြား ဆေးပစ္စည်းတွေနဲ့ အခြားလိုအပ်တဲ့အသုံးအဆောင်တွေ ဖြန့်ဝေဖို့အတွက် စုစည်းတဲ့ စစ်မျက်နှာတခုဖြစ်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ခုအီးယူရဲ့ စီးပွားရေးကယ်ဆယ်ရေးအစီအစဉ်ဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုဒဏ်အဆိုးဆုံး ခံစားနေရတဲ့ အီတလီနဲ့ စပိန်တို့ကို အဓိက ထောက်ကူဖို့ ဖြစ်ပြီး၊ ဂျာမနီနဲ့ နယ်သာလန်တို့ကတော့ လိုအပ်ရင် နောက်ပိုင်းမှသာ ရင်းမြစ်တွေ စိုက်ထုတ်သုံးစွဲပြီး ကူညီသွားကြဖို့ ဆိုခဲ့ကြပါတယ်။
အီးယူဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ နယ်စပ်တွေကို ပြီးခဲ့တဲ့မတ် ၁၇ ရက်နေ့ကစလို့ ရက်သုံးဆယ်ကြာ ပိတ်ထားခဲ့ပြီးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago