ဆေးရုံ ပျက်စီး

February 18, 2020

ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီနယ်စပ်ရှိ ဆေးရုံ ပျက်စီး

ရုရှားနဲ့ ဆီးရီးယားအစိုးရတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တူရကီနယ်စပ်နားက ဒါရတ်အစ်ဇာဒေသကို ဖေဖော်ဝါရီ ၁၇ ရက်က ထိမှန်ခဲ့ပါတယ်။ ဒါကြောင့် အရပ်သားအတော်များများ ဒဏ်ရာရပြီး ဆေးရုံ ၂ ရုံကို ပိတ်ခဲ့ရတယ်လို့ ဆေးရုံဝန်ထမ်းတယောက်က ပြောပါတယ်။ ဆေးရုံတရုံ အကြီးအကျယ် ပျက်စီးလို့ ပိတ်လိုက်ရပုံကို ရုပ်သံ ရိုက်ကူးထားပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းက အလပ်ပိုခရိုင်အတွင်း ဒါဇင်နဲ့ချီတဲ့ မြို့တွေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ဆီးရီးယားအစိုးရစစ်တပ်က ဖေဖော်ဝါရီ ၁၇ ရက်က ပြောပါတယ်။ စစ်သွေးကြွအုပ်စုတွေကို တွေ့ရာနေရာမှာ အပြတ်ရှင်းမယ့် စစ်ရေးလှုပ်ရှားမှုကို တိုးလုပ်မယ်လို့လည်း ပြောပါတယ်။ အလပ်ပိုခရိုင်နဲ့ ဒမတ်စကတ်မြို့တော်ကို ချိတ်ဆက်ထားတဲ့ M5 အဝေးပြေးလမ်းကနေ သူပုန်တွေကို သမ္မတ အာဆတ်ရဲ့ တပ်တွေက မောင်းထုတ်အပြီးမှာ ထိုးစစ်တွေ ဆင်ခဲ့တာပါ။ ဒီဇင်ဘာ ၁ ရက်ကတည်းက ခုထိ လေကြောင်းကနေ အကြီးအကျယ် ဗုံးကြဲတာခံရတဲ့ မြို့ရွာတွေကနေ အမျိုးသမီးနဲ့ ကလေးတွေ အများစုပါတဲ့ ဆီးရီးယားနိုင်ငံသား အယောက် ၈၇၅,၀၀၀ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကျန်ခဲ့တဲ့ ၄ ရက်အတွင်း အလပ်ပိုခရိုင် အနောက်ပိုင်းကနေ ထွက်ပြေးသူ လူ ၄၀,၀၀၀ ကျော်တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ဒေးဗစ်ဆွမ်ဆန်က ပြောပါတယ်။
1 year Ago
Up