ဆေးရုံအပြင်ထွက်

October 5, 2020

သမ္မတထရမ့် ယာဉ်တန်းဖြင့်ဆေးရုံအပြင်ထွက်၍ ထောက်ခံသူများကို နှုတ်ဆက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာ ၄ ရက်ညနေက သူ့ယာဉ်တန်းနဲ့ အပြင်ထွက်လာခဲ့လို့ ဆေးကုသခံယူရာ ဝေါလ်တာရိဒ် အမျိုးသားစစ်ဆေးရုံ အပြင်မှာ စုရုံးနေတဲ့ ထောက်ခံသူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ အသက် ၇၄ နှစ်အရွယ် ထရမ့်ဟာ ပါးစပ် နှာခေါင်းစည်းကို ဝတ်ဆင်ထားပြီး ကားနောက်ခန်းထိုင်ခုံကနေ လူထုကို လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။ ဆေးရုံအပြင်မှာ စုနေတဲ့ သူ့ကို ထောက်ခံအားပေးသူတွေကို နည်းနည်းအံ့အားသင့်အောင် လုပ်ဖို့ စီစဉ်ထားတယ်လို့ ထရမ့်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ရုပ်သံထဲမှာ ပြောထားပါတယ်။ ထရမ့်နဲ့ သူ့ဇနီး မေလာနီယာတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားအပြီး နာရီပိုင်းအကြာ သောကြာနေ့ကတည်းက စစ်ဆေးရုံကို ရောက်နေခဲ့တာပါ။ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမတိုင်မီ တလအလို မဲဆွယ်ချိန်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အလှည့်အပြောင်းတရပ်လည်း ဖြစ်ပါတယ်။  အမေရိကန်မှာ ပြည်သူ ၇ ဒသမ ၄ သန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကူးစက်ခံ သေဆုံးသူ ၂၀၉,၀၀၀ သိန်းကျော်ခဲ့ပါပြီ။ ကပ်ဘေးဟန့်တားရေး ကန့်သတ်ချက်တွေကြောင့် သန်းချီတဲ့လူတွေ အလုပ်လက်မဲ့ ဖြစ်ရပြီး စီးပွားရေးလည်း ကျဆင်းနေပါတယ်။ အမေရိကန် အထက်လွှတ်တော်က ရီပတ်ဗလစ်ကင်ပါတီဝင် အမတ် ၃ ယောက် အပါအဝင် ထရမ့်ရဲ့ အတွင်းစည်းက လုပ်ဖော်ကိုင်ဖက်တွေ အတော်များများ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ထားရပါတယ်။ အိမ်ဖြူတော် ဝန်ထမ်း ၂ ယောက်နဲ့ ထရမ့်ရဲ့ ကိုယ်ရေးအရာရှိတို့လည်း ကူးစက်ခံထားရတယ်လို့ အဲဒီအသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
7 months Ago
Up