ဆေးရုံမှဆင်းခွင့်ရ

July 21, 2020

ဘူးသီးတောင်မြို့မှ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ လူနာအမှတ် ၂၆၃ ဆေးရုံမှဆင်းခွင့်ရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ခံခဲ့ရတဲ့ လူနာအမှတ် ၂၆၃ မှာ ရောဂါပိုးစစ်ဆေးချက် ၂ ကြိမ် ပိုးမတွေ့တောတဲ့အတွက် ဇူလိုင် ၂၀ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရရှိသွားပြီလို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။ အဆိုပါလူနာဟာ ဘူးသီးတောင်က အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတဦးဖြစ်ပြီး မောင်တောဆေးရုံမှ ဆေးကုသမှု ခံယူနေတာ ဖြစ်တယ်။ မောင်တောခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “ပထမ နှစ်ကြိမ်စစ်တာ Postive ဖြစ်တယ် တတိယအကြိမ်မှ Negative ပြတယ်။ စတုတ္ထ အကြိမ်မှာ positive ပြန်ပြတယ်။ ဇူလိုင် ၁၅ ရက်နေ့ စစ်ဆေးချက် Negative ပြပြီး ဇူလိုင် ၁၇ စစ်ဆေးချက် Negative ဆက်တိုက် နှစ်ကြိမ်ဖြစ်တဲ့အတွက် မနေ့က ဇူလိုင် ၂၀ မှာ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်တယ်။ ဘူးသီးတောင်ကျန်းမာရေးအဖွဲ့ကို လွှဲပြောင်းပေးလိုက်တယ်” လို့ ပြောပါတယ်။ လူနာအမှတ် ၂၆၃ ဟာ ဘူးသီးတောင်မြို့နယ် ကျီးနုတ်သီးကျေးရွာမှ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသမှုခံယူပြီးပြန်လာရာမှ ကိုဗစ်ရောဂါပိုးတွေ့ခဲ့တာပါ။  သူ့ရဲ့ဖခင် လူနာအမှတ် ၂၆၂ ထံကနေ ရောဂါ ကူးစက်ခံရတာဖြစ်တဲ့အတွက် ပြည်တွင်းကူစက်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက  "သူမကို ကျီးနုတ်သီးက သူမနေအိမ်မှာဘဲ့ Quarantine ထားရှိပြီး စောင့်ကြည့်သွားမှာပါ။ ကျီးနုတ်သီးကျေးရွာက သူမနဲ့ထိတွေ့သူတွေအားလုံးရဲ့ စစ်ဆေးချက်ကလည်း Negative ဖြစ်တဲ့အတွက် ကျေးရွာကိုလည်း အသွားအလာ ကန့်သတ်ထားတာ ဖြေလျှော့လိုက်ပါပြီ။"လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ  ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၇ ဦးနဲ့ ကျောက်တော်မှာ  ၁ စုစုပေါင်း ၁၅ ဦးရှိခဲ့ရာ ၁၁ ဦး ရောဂါပျောက်ကင်း ဆေးရုံမှဆင်းခွင့်ရရှိသွားကြပြီး ၄ ဦး ကျန်ရှိနေပါသေးတယ်။ သတင်း- လင်းလက်
10 months Ago

July 17, 2020

မောင်တောဆေးရုံက  ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ ၅ ဦး ဆေးရုံမှဆင်းခွင့်ရ  

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး မောင်တောပြည်သူဆေးရုံမှာ ဆေးကုသခံမှုခံယူခဲ့သူ ၅ ဦး  ရောဂါကင်းစင်လို့ ဆေးရုံမှ ဆင်းခွင့်ရရှိထား​ပြီလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။ ရောဂါပိုးမတွေ့ရတဲ့အတွက်  မောင်တောဆေးရုံမှ ပထမအကြိမ်ဆင်းခွင့်ရရှိခဲ့တဲ့ လူနာအမှတ် ၂၃၄၊ ၂၄၄၊ ၂၄၇ တို့ ၃ ဦးဖြစ်ပြီး ယခု  ဒုတိယအကြိမ်မှာ လူနာအမှတ်၂၉၁၊၂၄၈ တို့ ဆေးရုံမှ ဆင်းခွင့်ရရှိတာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒေါက်တာနုကေသီစံက "လူနာအမှတ်၂၉၁ နဲ့ လူနာအမှတ် ၂၄၈ တို့ နှစ်ဦးကို စစ်ဆေးရာမှ နှစ်ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့အတွက် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်။ ပထမအကြိမ် က သုံးဦးဆင်းခွင့်ရခဲ့တယ်။ အခု ဒုတိယအကြိမ် နှစ်ဦး အားလုံး ငါးဦး ဆေးရုံကဆင်းခွင့်ရရှိခဲ့ပါပြီ။ ဆေးကုသပြီး  လေး ဦးကျန်နေပါသေးတယ်။ ကျန်းမာရေးကကောင်းမွန်ပါတယ်။ သူတို့အားလုံးကိုတော့ လှဖိုးခေါင်မှာ ၇ ရက် Facility Quarantine အဖြစ်ထားရှိထားပါသေးတယ်။”လို့ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သံတွဲ ၁ ဦး၊တောင်ကုတ် ၁ ဦး၊ စစ်တွေ ၁ ဦး၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး စုစုပေါင်း ၁၄ ဦးရှိခဲ့တာဖြစ်ပါတယ်။  ဆေးရုံဆင်းခွင့်ရတဲ့ လူနာတွေမှာ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ် ၁၉ဝ၊ မောင်တောဆေးရုံမှ လူနာအမှတ်၂၃၄၊ ၂၄၄၊ ၂၄၇၊၂၉၁၊၂၄၈နှင့် ဘူးသီးဆေးရုံမှ လူနာအမှတ် ၂၅ဝ၊ ၂၆၂ နှင့် စစ်တွေဆေးရုံမှ လူနာအမှတ် ၂၉၂ စုစုပေါင်း ၁၀ ဦးဆေးရုံမှ ဆင်းခွင်ရရှိထားပြီး မောင်တောခရိုင်ပြည်သူဆေးရုံတွင် ၄ ဦးကျန်ရှိနေပါသေးကြောင်းသိရပါတယ်။ ကျန်ရှိတဲ့ ၄ ဦးထဲက မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ၂ ဦးကတော့  စစ်ဆေးချက်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ ရောဂါ မပျောက်သေးဘဲ postive တွေ့ရှိနေကြောင်း ဒေါက်တာနုကေသီစံက​ ပြောပါတယ်။ သတင်း - လင်းလက်
10 months Ago
Up