အီတလီနဲ့ စပိန်က ဆေးရုံတွေအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲတရပ် ကျင်းပဖို့ ဘိုင်ယန်မြူးနစ်အသင်းက စီစဉ်နေပါတယ်။
အီတလီနဲ့ စပိန်နိုင်ငံတွေဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်ခံခဲ့ကြရပြီး သေဆုံးမှုအရေအတွက်လည်း မြင့်မားခဲ့တာပါ။
ဒီအခြေအနေကို စာနာဖေးမတဲ့အနေနဲ့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောင်ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ အီတလီကလပ် အင်တာမီလန်တို့ကို ဖိတ်ကြားပြီး စည်းလုံးညီညွတ်ရေးဖလားအဖြစ် ကျင်းပဖို့ ရှိနေတာပါ။
အဲဒီပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပမှာဖြစ်ပြီး ဘိုင်ယန်၊ ရီးရဲလ်နဲ့ အင်တာမီလန်ကွင်းတွေမှာ တပွဲစီ ကစားဖို့ စီစဉ်ထားတာပါ။
ဗိုင်းရပ်စ်ကာလအတွင်းမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ သူရဲကောင်းတွေဖြစ်ကြပြီး သူတို့ကို ဘိုင်ယန်မြူးနစ်အိမ်ကွင်းကို ဖိတ်ကြားကာ ရီးရဲလ်အသင်းနဲ့ယှဉ် ပြိုင်ကစားတာကို ကြည့်ရှုစေမယ်လို့ ဘိုင်ယန်အသင်း စီအီးအို ရူမင်နစ်ဂီက ပြောပါတယ်။
ပွဲစဉ် ၃ ပွဲကနေ ရရှိလာတဲ့ ငွေကြေးတွေကိုလည်း ဗိုင်းရပ်စ်ဒဏ် အများဆုံးခံစားခဲ့ရတဲ့ အီတလီနဲ့ စပိန်က ဆေးရုံတွေမှာ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
11 months Ago