ဆေးယဉ်ပါး

November 23, 2019

ပါကစ္စတန် ကလေးငယ် ၃ သန်းကျော်ကို ဆေးယဉ်ပါး တိုက်ဖွိုက်ကာကွယ်ဆေး ထိုးနှံပေး

ပါကစ္စတန်နိုင်ငံမှာ ဆေးယဉ်ပါး တိုက်ဖွိုက်အဖျား ကူးစက်ခံရမှု ကြီးထွားနေတာကြောင့် ကာကွယ်ဆေး အစုလိုက် ထိုးနှံတာတွေ လုပ်ဆောင်နေပါတယ်။   ၂၀၁၆  ခုနှစ် နောက်ပိုင်းကစပြီး ကလေးအများစု အပါအဝင်  လူ ၁၁၀၀၀ ဟာ ဆေးယဉ်ပါး တိုက်ဖွိုက်အဖျား ကူးစက်ခံနေရပါတယ်။ ဒါကြောင့်မို့ ပါကစ္စတန်အစိုးရက နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး နိုင်ငံခြားရန်ပုံငွေနဲ့   တိုက်ဖွိုက်အဖျား ကာကွယ်ဆေး အစုလိုက်ထိုးနှံရေးကို လုပ်ဆောင်နေတာပါ။  ပြီးခဲ့တဲ့ ၄ ရက်အတွင်း ကာရာချိမြို့နဲ့ ဆေးယဉ်ပါး တိုက်ဖွိုက်  စတင်ဖြစ်ပွားတယ်လို့ သိရှိရတဲ့ အနီးဝန်းကျင် ဟိုက်ဒရာဘတ်မြို့က ကလေးငယ် ၃ ဒသမ ၄ သန်းကို အဲဒီကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ ကာကွယ်ဆေးကို Bill & Melinda Gates ဖောင်ဒေးရှင်းက ထိုးနှံပေးတာ ဖြစ်ပါတယ်။  အဲဒီတိုက်ဖွိုက်အဖျားမျိုးဟာ ပဋိဇီ၀ဆေးတမျိုးကလွဲပြီး ကျန်ဆေးအားလုံးဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။  တိုက်ဖွိုက်ရောဂါပိုးဟာ လူ့မစင်ကနေ ကူးစက်တဲ့ ဘက်တီးရီးယားရောဂါ ဖြစ်ပါတယ်။  တကယ်လို့ ဆေးယဉ်ပါး တိုက်ဖွိုက်အဖျားဟာ နောက်ဆုံး ပဋိဇီ၀ ဆေးဒဏ်ခံနိုင်ရည် ရှိမယ်ဆိုရင် အဖျားကူးစက်လို့ သေဆုံးနှုန်းဟာ ၂၀ ရာခိုင်နှုန်းအထိ ထိုးတက်လာလိမ့်မယ်လို့ ရောဂါ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2 years Ago
Up