ဆေးဘက်ကျွမ်းကျင်သူများ စေလွှတ်

January 25, 2020

ကိုရိုနာဗိုင်းရပ်စ် ကူညီထိန်းချုပ်ရန် တရုတ်တပ်မှ ဆေးဘက်ကျွမ်းကျင်သူများ စေလွှတ်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ ကူညီအင်အားဖြည့်တင်းဖို့အတွက် ဇန်နဝါရီလ ၂၅ ရက်က တရုတ်အစိုးရဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ကျွမ်းကျင်သူ ၁၅၀ ဝန်းကျင်အား ဝူဟန်မြို့ကို စေလွှတ်လိုက်ပါတယ်။ ဝူဟန်မြို့ကို ကူညီဖို့ ဆေးဝန်ထမ်းအရေအတွက် ၁၂၃၀ ပါဝင်တဲ့ ဆေးဘက်အဖွဲ့ ၆ ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။  ရှန်ဟိုင်း၊ ဂွမ်ဒေါင်းနဲ့ စစ်ဆေးရုံတွေက ဆေးဘက်အဖွဲ့ ၃ ဖွဲ့ဟာ ဝူဟန်မြို့ကို ရောက်ရှိနေပါတယ်။ တရုတ်နှစ်သစ်ကူးအစမှာပဲ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၆ ယောက်ကနေ ၄၁ ယောက်အထိ မြင့်တက်ခဲ့ပြီးနောက် အာဏာပိုင်တွေက ခရီးသွားလာတာတွေကို ကန့်သတ်ပြီး လူအများ တွေ့ဆုံပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။  သေဆုံးသူ အားလုံးဟာ တရုတ်နိုင်ငံတွင်းမှ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၁၃၀၀ ကျော်အထိ ရှိလာပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးရှိသူကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဝူဟန်မြို့မှာ စတွေ့ခဲ့ပြီး ဗိုင်းရပ်စ်ဟာ အဲဒီမြို့က တရားမဝင် တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ ပင်လယ်စာဈေးတခုကနေ စတင် ပျံနှံ့ခဲ့တယ်လို့ သိရပါတယ်။   (Photo by Huang Shifeng/chinadaily.com.cn)
1 year Ago
Up