ဆေးထောက်ခံစာ

March 20, 2020

ထိုင်းလာမည့် နိုင်ငံခြားသားများ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ဆေးထောက်ခံစာနှင့် ဘတ် ၃ သန်း အာမခံရှိရမည်

ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ယောင်ရောဂါ ( COVID 19 ) ကူးစက်ပြန့်ပွားမှုကာကွယ်ရေး အရှိန်မြှင့်တဲ့အနေနဲ့ နိုင်ငံခြားသားများ ဝင်ရောက်လာမှုကို ထပ်မံကန့်သတ်လိုက်ပါတယ်။  လာမယ့် မတ်လ ၂၂ ရက်နေ့ကစပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအနေနဲ့ COVID 19 ကူးစက်ခံရခြင်းမရှိကြောင်း ဆရာဝန်ထောက်ခံစာကို ပြသရမယ့်အပြင် ဒေါ်လာ ၁ သိန်း (ဘတ် ၃ သန်းခန့် ) ဖိုး ကျန်းမာရေး အာမခံရှိဖို့ လိုအပ်တယ်လို့  ထိုင်းနိုင်ငံ ပြည်သူ့လေကြောင်းဦးစီးဌာနက ၂၀၂၀ မတ် ၁၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  ထိုင်းမှာ COVID 19 ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ညွှန်ကြားခဲ့ပြီးနောက် နိုင်ငံခြားခရီးသွားလာမှုထိန်းချုပ်ဖို့ ခုလိုဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့လေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းကျူးလား ဆုခ်မာနုပ်က သတင်းထောက်တွေကို ပြောပါတယ်။  ဘယ်နိုင်ငံကလာတဲ့ နိုင်ငံခြားသားပဲဖြစ်ဖြစ် ထိုင်းကိုလာမယ်ဆိုရင် ကျန်းမာရေးဆေးစစ်ခဲ့ရမှာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း ထောက်ခံစာမှာလည်း လွန်ခဲ့တဲ့ ၃ ရက်အတွင်းက ထုတ်ပေးထားတဲ့ ဆေးစာဖြစ်ရမှာဖြစ်ပြီး ဒေါ်လာ ၁ သိန်းတန် ကျန်းမာရေးအာမခံထားကြောင်း ပြသနိုင်မှ လေယာဉ်ပေါ် တက်ခွင့်ပြုမယ်လို့ နိုင်းကျူးလားက ထပ်လောင်းပြောဆိုပါတယ်။  ဒီအစီအစဉ်ဟာ ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၁ မိနစ်ကစတင် အသက်ဝင်မယ်လို့ သူကဆက်ပြောပါတယ်။  ဒါ့အပြင် ထိုင်းကိုဝင်ခွင့်ရတဲ့ အဆိုပါနိုင်ငံခြားသားဟာ တည်းခိုမယ့် နေရပ်လိပ်စာ၊ နေထိုင်မယ့်အချိန် စတဲ့ အချက်အလက်တွေပါ ပေးရလိမ့်မယ်လို့ ဆိုပါတယ်။  နိုင်ငံခြားကနေ ပြန်လာမယ့် ထိုင်းနိုင်ငံသားတွေဆိုရင်တော့ မိမိဟာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း သက်ဆိုင် ရာ ထိုင်းသံရုံး ဒါမှမဟုတ် ထိုင်းကောင်စစ်ဝန်ရုံး ထောက်ခံစာ ပြသဖို့ လိုအပ်ကြောင်း ထိုင်းပြည်သူ့လေကြောင်း ညွှန်မှူးက ပြောသွားပါတယ်။  ထိုင်းနိုင်ငံမှာ မတ် ၁၉ ရက်နေ့က  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် အယောက် ၆၀ ကို တွေ့ရှိခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၂ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ  ၄၂ ဦး ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ ကိုးကား-thairath.co
2 years Ago
Up