တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက ပူဒေါင်နိုင်ငံတကာလေဆိပ်ရဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းကို ကိုင်တွယ်သူအတော်များများ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိခဲ့အပြီး လေဆိပ်ဝန်ထမ်းအားလုံးကို နိုဝင်ဘာ ၂၂ ရက် ညက ဆေးစစ်ခဲ့ပါတယ်။
စမ်းသပ်ခံဖို့ လေဆိပ်ယာဉ်ရပ်နားစခန်းမှာ ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ထားတဲ့ ဝန်ထမ်းတွေက လူတွေကို လမ်းညွှန်နေပုံကို အစိုးရ ရုပ်သံက ထုတ်လွှင့်ပါတယ်။
ပူဒေါင်လေဆိပ်ကုန်စည်ဌာနမှာ ဝန်ထမ်း ၁၇,၇၁၉ ယောက်ကို ဆေးစစ်ရာမှာ ၁၁,၅၄၄ ယောက်အတွက် ဆေးစစ်ချက်ရလဒ်ထွက်ထားပြီး သူတို့အားလုံး အကူးစက်မခံရဘူးလို့ လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။ ကျန် ၆,၁၇၅ ယောက်ရဲ့ ဆေးစစ်ချက်ရလဒ်ကို စောင့်နေဆဲပါ။
တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၂ ရက်က ကိုဗစ်-၁၉ လူနာသစ် ၁၁ ယောက်တွေ့ရှိခဲ့ပြီး ၂ ယောက်က ရှန်ဟိုင်းကဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
တရုတ်ပြည်မကြီးမှာ စုစုပေါင်း ကူးစက်ခံ ၈၆,၄၄၂ ယောက်ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၄,၆၄၃ ရှိတယ်လို့ အတည်ပြုထားပါတယ်။
3 months Ago