ဆေးခြောက်

A d v e r t i s e m e n t With Us

December 6, 2020

ဆေးခြောက်ကိုတားမြစ်ဆေးဝါးအဖြစ်ကပယ်ဖျက်ရန် အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံ ဒီမိုကရက်ပါတီဝင်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ဆေးခြောက်ကို ပြည်ထောင်စုအဆင့် တားမြစ်ဆေးဝါးအဖြစ်ကနေ ပယ်ဖျက်ဖို့ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၆၄ မဲနဲ့ မဲပေး အတည်ပြုခဲ့ပါတယ်။ ဥပဒေကို ဒီဇင်ဘာ ၄ ရက်က မဲပေးခဲ့ကြတာဖြစ်ပြီး ရီပတ်ဗလစ်ကန်ပါတီဝင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်ထဲမှာ ဥပဒေမူကြမ်းကို အတည်ပြုမပြု မဲပေးဆုံးဖြတ်ဖို့ လိုပါသေးတယ်။  ဆေးခြောက်ကို ထိန်းချုပ်ထားရမယ့်ပစ္စည်းအဖြစ် ၁၉၇၀ မှာ စာရင်းသွင်းပြီးတည်းက ပထမဆုံးအနေနဲ့ ပြည်ထောင်စုအဆင့် တားမြစ်ထိန်းချုပ်မှုကို အဆုံးသတ်ရေး အောက်လွှတ်တော်မှာ ပထမဆုံး မဲပေးခဲ့တာပါ။ အမေရိကန်နိုင်ငံအတွင်း ပြည်နယ် ၁၅ ခုနဲ့ ကိုလံဘီယာခရိုင်တို့မှာ ဆေးခြောက်ကို အပန်းဖြေတဲ့နေရာမှာ သုံးဖို့ တရားဝင် ခွင့်ပြုထားပြီးသားပါ။ ပြည်နယ် ၃၀ ကျော်ကလည်း ဆေးခြောက် ပုံစံတချို့ကို ဆေးဝါးအဖြစ်သုံးဖို့ ခွင့်ပြုထားပါတယ်။ အမေရိကန် နိုင်ငံအတွင်း ကျေးဇူးတော် အောက်မေ့ပွဲ ကျင်းပရာ သီတင်းပတ်ကုန်ရက်က ဆေးခြောက် ရောင်းချမှု စံချိန်တင်ခဲ့ပါတယ်။  ဒါပေမယ့် ပြည်ထောင်စု အဆင့်မှာတော့ ဆေးခြောက်ကို တားမြစ်ပိတ်ပင်ထားဆဲ ဖြစ်လို့ ပြည်နယ် ဥပဒေတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့အတွက် ဆေးခြောက် ကုမ္ပဏီတွေအနေဲ့ ဘဏ်ဝန်ဆောင်မှုနဲ့ ရန်ပုံငွေရနိုင်မှု ကန့်သတ်ခံနေရတာပါ။ ဒါပေမယ့် အထက်လွှတ်တော် ခေါင်းဆောင်နဲ့ ရီပတ်ဗလစ်ကန် ပါတီဝင် မစ်ချ် မက်ကောနယ်ကတော့ ဒီအပြောင်းအလဲကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၅ ရက်နေ့ လွှတ်တော်အမတ် ရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ရေး ဒီမိုကရက်ပါတီက ဂျော်ဂျီယာ ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာတွေကို အနိုင်ရဖို့ လိုအပ်နေပါတယ်။ ဆေးခြောက် ဥပဒေမူကြမ်းအရ ပြည်ထောင်စုအဆင့် ဆေးခြောက်အတွက် ပြစ်ဒဏ်စီရင်တာကို ပယ်ဖျက်ပြီး ဆေးခြောက် ထုတ်ကုန်တွေအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 months Ago

December 3, 2020

 ဆေးခြောက်ကို ဆိုးဆိုးရွားရွားစွဲလမ်းစေသည့် မူးယစ်ဆေးစာရင်းမှ ကုလသမဂ္ဂ ပယ်ဖျက်

ဆေးခြောက်ကို ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးစာရင်းကနေ ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင်က မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်ပေးလိုက်ပါတယ်။ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးကော်မရှင်ရဲ့ အဖွဲ့ဝင် ၅၃ ဦးက  မဲပေးဆုံးဖြတ်ခဲ့တာပါ။  ဆေးခြောက်ကို ဆိုးရွားတဲ့ မူးယစ်ဆေးဝါအဖြစ်  အရင်လို ပြဋ္ဌာန်းမသတ်မှတ်တော့ဘဲ အမျိုးအစားပြန်လည်ခွဲခြား သတ်မှတ်ဖို့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အတည်ပြုခဲ့ကြပါတယ်။ ဆေးခြောက်နဲ့ပတ်သက်လို့ ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးမဟုတ်ကြောင်းကို ဥပဒေပြင်ဆင်သတ်မှတ်ဖို့  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO  က မူးယစ်ဆေးဝါကော်မရှင်ကို တိုက်တွန်းတွေလုပ်ခဲ့ပြီး ဆေးခြောက်ကို တခြားအဆင့်သတ်မှတ်ချက်တွေ ပြန်လုပ်ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်။   ကုလသမဂက ၁၉၆၁ ခုနှစ် မှာ  ဆေးခြောက်ကို စိတ်ကိုပြောင်းလဲစေတတ်တဲ့ မူးယစ်ဆေးဝါးတွေစာရင်းမှာ ထည့်သွင်းပြီး ဘိန်းဖြူနဲ့ တစ်မျိုးတစ်စားတည်း သတ်မှတ်ကာ တရားမဝင်ဘူးလို့ ပြဋ္ဌာန်းခဲ့တာပါ။ နိုင်ငံအလိုက်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကတော့ ချက်ချင်းပြောင်းလဲပစ်လို့ မရနိုင်သေးတာကြောင့် ဒီသတ်မှတ်ချက်က တစ်ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ချက်တော့ ဖြစ်မလာနိုင်သေးပါဘူး။ တချို့နိုင်ငံတွေမှာ တော့ ဆေးခြောက်ကို တရားဝင်သုံးစွဲ ခွင့်နဲ့ သတ်မှတ်ချက်နဲ့ စိုက်ပျိုးခွင့်တွေ ပေးထားတာတော့ရှိပါတယ်။  ဓာတ်ပုံ-NIDA
3 months Ago
More News
Up