ဆော်ဒီအစိုးရတပ်

February 16, 2020

အရပ်သားများ သေဆုံးမှု ဆော်ဒီအစိုးရတပ်ကြောင့်ဟု ဟူသီသူပုန်များ စွပ်စွဲ

ဆော်ဒီအာရေဗျအစိုးရ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ဖေဖော်ဝါရီ ၁၅ ရက်က လက်စားချေတဲ့အနေနဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ ယီမင်နိုင်ငံအတွင်း အရပ်သားတွေ အပါအဝင် လူ အယောက် ၃၀ သေဆုံးတယ်လို့ အီရန်နဲ့ မဟာမိတ် ဟူသီအုပ်စုက စွပ်စွဲလိုက်ပါတယ်။ လေကြောင်းတိုက်ခိုက်ရာမှာသုံးတဲ့ ကလပ်စတာအမျိုးအစား ဗုံးရဲ့အစအနတွေနဲ့ ပျက်စီးနေတဲ့ကားတွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးတွေရဲ့ ရုပ်သံကို ဟူသီတွေရဲ့ မီဒီယာက ထုတ်လွှင့်ပြသပါတယ်။ သေဆုံး ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါတယ်လို့ ဟူသီတွေ ထိန်းချုပ်ထားတဲ့ အယ်လ်ဂျော့ဖှ်ခရိုင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဟူသီတွေက အဲဒီဒေသအတွင်း ညွန့်ပေါင်းတပ်ရဲ့ တော်နေဒိုးအမျိုးအစား တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်က ပြောအပြီးမှာ ခုလို လေကြောင်း တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ တော်နေဒိုးစစ်လေယာဉ်ဟာ အယ်လ်ဂျော့ဖှ်ဒေသအတွင်း ပျက်ကျတာလို့ ညွန့်ပေါင်းတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး တာကီအယ်လ်မာလိခိကို ကိုးကားပြီး ဆော်ဒီအစိုးရ သတင်းဌာန (SPA) က ဖေဖော်ဝါရီ ၁၅ ရက်မှာ ဖော်ပြာပါတယ်။ ဒေသတွင်းမှာ ကယ်ဆယ်ရေးလုပ်နေပြီး အပျက်အစီး အလားအလာကို အစီရင်ခံထားပြီလို့ မာလိခိက ပြောပေမယ့် အသေးစိတ်တော့ မပြောပါဘူး။ တော်နေဒိုး စစ်လေယာဉ် ပျက်ကျမှုကိုရော လေကြောင်းတိုက်ခိုက်မှုကိုပါ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက နိုင်ငံတကာအသိအမှတ်ပြု အစိုးရကို ၂၀၁၄ မှာ ဖြုတ်ချအပြီး ဖြုတ်ချခံအစိုးရကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ကျောထောက်နောက်ခံပေးထားတာပါ။ ယီမင်နိုင်ငံအတွင်း ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်နဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီတို့ စစ်ပွဲဖြစ်ပွားနေတာ ၅ နှစ်ကြာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာမှု ကပ်ဘေးအဖြစ် ကုလသမဂ္ဂက ပြောထားပါတယ်။
2 years Ago
Up