အသက် ၈၄ နှစ်အရွယ် ဆော်ဒီဘုရင် ဆယ်လ်မန်ဟာ ဆေးရုံတက်ပြီး နောက်တစ်ရက် ဇူလိုင်လ ၂၁ ရက်မှာ ဆေးရုံကနေ ဗွီဒီယို ကောလ်နဲ့ အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ဘုရင် ဆယ်လ်မန်ဟာ သည်းခြေအိတ်ရောင်တာကြောင့် ဆေးရုံတက်တာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။
ဘုရင်ဆယ်လ်မန် အခြေအနေဟာ တည်ငြိမ်တယ်လို့လည်း ဆော်ဒီသတင်းရင်းမြစ် ၃ ခုက ရိုက်တာကို ပြောထားပါတယ်။ ဆော်ဒီဘုရင် ဆေးရုံကနေ ဗွီဒီယိုကောလ်နဲ့ အစိုးရအဖွဲ့ အစည်းဝေး ပြုလုပ်နေပုံကို နိုင်ငံပိုင် ရုပ်သံက နေ ပြသခဲ့ပါတယ်။
ဘုရင် ဆယ်လ်မန်ဟာ ဆေးစစ်ခံယူနေတယ်လို့ ဘုရင့်နန်းတော် ကြေညာချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ဇူလိုင်လ ၂၀ ရက်မှာ ထုတ်လွှင့်ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟာလည်း အီရတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကိုဖျက်လိုက်ပြီး ဇူလိုင် ၂၀ ရက်က ပင်လယ်နီမြို့ရှိ သူ့နန်းတော်ကနေ မြို့တော် ရီယာ့ဒ်ကို ပြန်လာခဲ့ပါတယ်။
မတ်လ ၁၉ ရက်က ဘုရင် ဆယ်မန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်လို့ ရုပ်သံကနေ ၅ မိနစ်ကြာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဘုရင် ဆယ်လ်မန် အွန်လိုင်း အစည်းဝေး ကျင်းပတဲ့ ဓာတ်ပုံ ၊ ဗွီဒီယိုတွေကို နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့ပြီး အိမ်ရှေ့မင်းသား အစည်းဝေး တက်ရောက်တဲ့ ပုံတွေကိုလည်း မီဒီယာတွေက ထုတ်လွှင့်ပြသခဲ့ပါတယ်။
9 months Ago