ဆော်ဒီအာရေဗျနဲ့ ဂျော်ဒန်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ထိန်းချုပ်ဖို့ ပြည်လုံးကျွတ် အသွားအလာ ကန့်သတ်လော့ဒေါင်းချပြီးတည်းက ပထမဆုံးအနေနဲ့ ဝတ်ပြုသူတွေ အတွက် ဗလီတွေကို ဇွန်လ ၅ ရက်က စဖွင့်ပေးလိုက်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ ရိယာ့ဒ်မြို့က အယ်လ်ရာဟိဗလီမှာ ဝတ်ပြုသူတွေဟာ ပါးစပ်နှာ ခေါင်းစည်းတွေကို ဝတ်ဆင်ထားပြီး တယောက်နဲ့ တယောက် ခပ်ခွာခွာနေရင်း သူတို့ လက်တွေကို လည်း မကြာမကြာ ပိုးသတ်နေကြပါတယ်။
နိုင်ငံတလွှားက ဗလီ ၉ သောင်းနီးပါးမှာလည်း ဝတ်ပြုသူတွေဟာ သူတို့လက်ကိုင်ဖုန်းတွေကနေ ကိုရမ်ကျမ်းကို ရွတ်ဖတ်ခဲ့ကြပါတယ်။
သက်ကြီးနိုင်ငံသားတွေ၊အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ နာတာရှည် ရောဂါသည်တွေကိုတော့ ဗလီတက်ခွင့် ပိတ်ထားပါတယ်။ ဝတ်မပြုခင် မျက်နှာသစ် လက်ဆေးတဲ့ ပရိကံအပြုအမူကိုတော့ အိမ်မှာပဲ လုပ်ခဲ့ကြတာပါ။
ဂျော်ဒန်နိုင်ငံ မြို့တော်မှာလည်း အလားတူ ကြိုတင်သတိထားတဲ့ လုပ်ဆောင်ချက်တွေကို ပြင်ဆင်ထားခဲ့တာပါ။
နိုင်ငံတလွှားက ဗလီ ၇ ထောင်လောက်မှာ ဝတ်ပြုသူတွေ ခပ်ခွာခွာနေပြီး ဘေးကင်းရေး လုပ်ဆောင်ချက်တွေ လိုက်နာဆောင်ရွက်တာ သေချာစေရေး ရဲတပ်ဖွဲ့ဝင် အယောက် ၃ သောင်းကျော်ကို တာဝန်ချထားပါတယ်။
အီဂျစ်နိုင်ငံမှာတော့ ဗလီတွေကို ဆက်ပိတ်ထားပြီး သောကြာနေ့ ဝတ်ပြုပွဲတွေကို ဆက်ပြီး တားမြစ်ပိတ်ပင်ထားပါတယ်။
ကိုင်ရိုမြို့တော်က အယ်လ်အက်ဇ်ဇက်ဟာ ဗလီမှာတော့ အဓိက ဝတ်ပြုသူတယောက်က ဦးဆောင်ပြီး ဝတ်ပြုသူ နည်းနည်းက ဝတ်ပြုခွင့်ရပြီးနဲ့ ဝတ်ပြုပွဲကို နိုင်ငံတော် ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပေးပါတယ်။
9 months Ago