ဆောင်ရွက်

December 24, 2020

စမွတ်စာခွန်ခရိုင်က ရွှေ့ပြောင်းလုပ်သားများ SMS စာတိုစနစ် ပေးပို့နိုင်ရေး ဆောင်ရွက်နေ

ထိုင်းနိုင်ငံအတွင်း စမွတ်စာခွန်ခရိုင်က ရွှေ့ပြောင်းလုပ်သားတွေကြားမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေလို့ ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်တွေကို SMS စာတိုစနစ်နဲ့ ပေးပို့နိုင်ဖို့ အကြီးစား မိုဘိုင်းလုပ်ငန်းကြီး ၅ ခုနဲ့ ဆွေးနွေး ဆောင်ရွက်နေတယ်လို့ ထိုင်းအမျိုးသား သတင်းဗျူရိုက NNBS က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ လက်ကိုင်ဖုန်းသုံးတဲ့ ရွှေ့ပြောင်းလုပ်သား ၂.၈ သန်းကျော်ဟာ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အားထုတ်မှု အစိတ်အပိုင်းအနေနဲ့ သတင်းအချက်အလက်တွေကို SMS စာတိုကနေ ရလိမ့်မယ်လို့ DES ဒုဝန်ကြီး ဗုဒ္ဓိပွန်ဆေ ပန်နာခန်တာက ပြောပါတယ်။  စာတိုတွေကို ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နိုင်သမျှ အများဆုံး ဖတ်နိုင် ဆက်သွယ်နိုင်စေဖို့ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်္ဂလိပ် ဘာသာစကားတွေနဲ့ ပေးပို့သွားမယ်လို့ သူက ပြောပါတယ်.
4 months Ago

February 24, 2020

၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းလုံးကျွတ် မီးလင်းအောင် ဆောင်ရွက်နေ 

မန္တလေးတိုင်းဒေသကြီးအတွင်း လာမယ့် ၂၀၂၁ ခုနှစ်မှာ တိုင်းလုံးကျွတ် ကျေးရွာတွေ တခုမှမကျန် မီးလင်းအောင်ဆောင်ရွက်ထားတယ်လို့  မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။  မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျင်းပတဲ့ စမုံချောင်းကူးတံတားသစ် ဖွင့်ပွဲမှာ ပြောကြားသွားတာပါ။ “ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီးတော့ ၂၀၃၀ မှာ တနိုင်ငံလုံး ရရှိရေး ရည်မှန်းချက် ထားရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေဲ့ကတော့ လာမယ့် ၂၀၂၁ မှာ တိုင်းလုံးကျွတ် ကျေးရွာတွေ တခုမှမကျန် မီးလင်းအောင် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ၂၀၂၀ စက်တင်ဘာလကျရင် ဟောဒီ ဝမ်းတွင်းမြို့နယ်ဟာ ၁၀၀ ရာခိုင်နှုန်း မီးလင်းတဲ့ မြို့နယ် ဖြစ်ပါလိမ့်မယ်။ တရွာမှ မကျန်စေရပါဘူး”လို့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က  ပြောပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်မှာ နေထိုင်ပြီး ကျေးလက် ပြည်သူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို လက်ရှိအစိုးရက တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က  “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ စီမံခန့်ခွဲဖို့ ပြည်သူကရွေးချယ်လိုက်တဲ့ ၂၀၁၆-၁၇ ကစပြီး ဒါကို တစိုက်မတ်မတ် လုပ်လာပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးဖို့ဆိုတာ အချက် ၅ ချက်ပဲ ရှိပါတယ်။ လျှပ်စစ်တွေ သုံးစွဲနိုင်ရမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းရမယ်။ သောက်ရေ သုံးရေ စိုက်ပျိုးရေ လုံလုံလောက်လောက် ရရမယ်။ သောက်ရေနဲ့ သုံးရေဟာ ကျန်းမာရေးနဲ့လျော်ညီတဲ့ သောက်ရေ သုံးရေဖြစ်ဖို့ လိုပါလိမ့်မယ်။ နောက် စာသင်ကျောင်းတွေ ရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမီအောင် ဆောင်ရွက်ပေးနိုင်ရမယ်။ ဒီအချက် ၅ ချက်ကို ကျနော်တို့ရဲ့အတိုင်ပင်ခံ၊ ကျနော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ ၂၀၁၆ အစကတည်းက လမ်းညွှန်မှာကြားတဲ့အတွက် ကျနော်တို့ အစိုးရဟာ ဒါကို တစိုက်မတ်မတ် ဆောင်ရွက်လာတာ” လို့ ပြောပါတယ်။ ရိုးစုံကျေးရွာနဲ့ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ကို ဆက်သွယ်ထားတဲ့ စမုံချောင်းကူးတံတား အသစ်ရဲ့ အရှည် ပေ ၁၄၀၊ အကျယ် ၂၄ ပေ ရှိပြီး ကျေးရွာပေါင်း ၃၀ ကျော်က အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အမှတ်-၂ ခရိုင်ချင်းဆက်လမ်းနဲ့ ဆက်သွယ်တဲ့ အဓိကကျတဲ့ တံတားတစင်း ဖြစ်ပါတယ်။ စမုံချောင်းကူးတံတားအသစ်ဖွင့်ပွဲကိုတိုင်းအစိုးရအဖွဲ့တွေ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေ အားလုံး လူ ၂၀၀ ကျော် တက်ရောက်ပါတယ်။ အဲဒီနေ့မှာပဲ ဆူပန်းရွာတံတား၊ ဂုဏ်ရွာကျေးရွာ အထက်တန်းကျောင်းဖွင့်ပွဲ စတာတွေကိုလည်း ဖွင့်လှစ်ပေးသွားပါတယ်။ မောင်မောင်လင်း
1 year Ago
Up