ဆောက်သမ်တန်အသင်းကို အညှာအတာကင်းမဲ့စွာအနိုင်ယူခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကျေနပ်အားရနေပါတယ်။
ဒီပွဲမှာ ဆောက်သမ်တန်အသင်းအတွက် အထမဆုံးအဖြစ်ပွဲချိန်ပြည့်ပွဲထွက်ခွင့်ရတဲ့ ကွင်းလယ်လူ ဂျန်ကီဝစ်ဇ်ဟာ ပွဲအစ ၂ မိနစ်မှာတင် အနီကတ်ထိခဲ့ပါတယ်။
ဒီအနီကတ်ဟာ ယူနိုက်တက်အသင်းအတွက် စံချိန်တင်အနိုင်ရလဒ်ထွက်ပေါ်လာစေဖို့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းသား ၇ ဦးက ပြိုင်ဘက်ကို ၉ ဂိုးသွင်းကာ ပရီးမီးယား လိဂ်သမိုင်းရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲဆိုတဲ့ စံချိန်ကိုလိုက်မီခဲ့ပါတယ်။
ပွဲအပြီးမှာ ဆိုးလ်ရှားက “သူတို့ဟာ တကယ့်ကို အညှာအတာကင်းမဲ့လွန်းပါတယ်။ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒီဂီယာနဲ့ တွမ်မီနေးတို့ဟာ သူတို့ဘက်ကအခြမ်းမှာ ဘောလုံးကို ခပ်မြန်မြန်ကစားပြီး ဂိုးတွေသွင်းနိုင်သလောက်ထပ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကစားနေတဲ့ပုံက သူတို့ရဲ့ နောက်ဆုံးပွဲလိုပါပဲ။ ကျနော် သဘောအကျဆုံးအရာကတော့ သူတို့ရဲ့ဆာလောင်မှုနဲ့ စိတ်ဓာတ်ကိုပါပဲ။ ဒါ့ကြောင့် သူတို့ပိုကောင်းလာဖို့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကျနော်တို့ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေချင်ပါတယ်။ ဒါကို ကစားသမားတွေက အတိအကျလုပ်ပြနိုင်ခဲ့ပါတယ်” လို့ ” လို့ ဆိုးလ်ရှားကပြောပါတယ်။
တစ်ခါတစ်ရံမှာတချို့အသင်းတွေဟာ တစ်ယောက်လျော့သွားတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ ရုန်းကန်လေ့ရှိတတ်ပေမယ် ဂျန်နကီဝစ်ဇ်ရဲ့အနီကတ်က ပွဲကိုပွင့်သွားစေ ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
“တခါတလေကျနော်တို့ ၁၀ ယောက်ပဲကျန်တဲ့ အသင်းတွေနဲ့ကစားရာမှာ သူတို့ဟာ နောက်မှာပဲနေပြီး ခံစစ်ကို သေချာလုံအောင်ကစားတတ်ပါတယ်။ ကျနော်တို့ဆိုဒ်ချိန်းတာမျိုး၊ ခံစစ်တန်းနောက်ကို ထိုးဖောက်တာမျိုးနဲ့ တခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကစားရမယ့်ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၂ ပွဲပိုကစားပြီး ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ရမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ပါတယ်
ဆောက်သမ်တန်အသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက် တက်အသင်းဟာ ပရီမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး ဂိုးပြတ်အနိုင်ရရှိမှုစံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ ဆောက်သမ်တန်အသင်းဟာ ပွဲအစကတည်းက အခြေအနေမကောင်းခဲ့တာပါ။ သူတို့ရဲ့ ကစားသမား အလက်ဇန်းဒရီဂျန်ကီဝစ်ဇ်ဟာ တွမ်မီနေးကိုအဖျက်ကြမ်းခဲ့လို့ ပွဲအစ ၂ မိနစ်မှာတင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါ့ကြောင့် ဒီကစားသမားဟာ ၂၀၁၇ စက်တင်ဘာလ စပါးအသင်းရဲ့ ဆာ့ဂျ်အော်ရီယာနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာတင် ထုတ်ခံရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒါ့အပြင် ၂၀၁၀ အောက်တိုဘာလနောက်ပိုင်း အနီကတ်ထိခဲ့တဲ့ အသက်ငယ်ဆုံးကစားသမားဆိုတဲ့ စံချိန်ဆိုးကိုလည်း ရရှိခဲ့ပါတယ်။
သူ့မတိုင်ခင် ဝီရှိုင်းယားက အသက် ၁၈ နှစ် ၂၈၈ ရက်နဲ့အနီကတ်ထိခဲ့ကာ ဂျန်ကီဝစ်ဇ်ကတော့ ၁၉ နှစ် ၃၉ ရက်နဲ့ အနီကတ် ထိခဲ့တာပဲဖြစ်ပါတယ်။
ပွဲအစကတည်းက တစ်ယောက်အသာရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာတင် ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေကို ဝမ်ဘစ်ဆာကာ၊ ရက်ဖို့ဒ်၊ ကာဗာနီအပြင် ဆောက်သမ်တန်ကစားသမား ဂျန်ဘတ်နာရတ်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ်သွင်းယူမှုကနေ ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းဟာ ဧည့်သည်ဆောက်သမ်တန်အသင်းအတွက်ပိုပြီး အခြေအနေဆိုးရွားခဲ့ပြီး မာရှယ်က ၂ ဂိုး ထပ်သွင်းသလို၊ တွမ်မီနေးက တစ်ဂိုး၊ ဖာနန်ဒက်စ်နဲ့ ဒန်နီယယ်ဂျိမ်းစ်တို့က တစ်ဂိုးစီထပ်မံသွင်းယူခဲ့ပြီး ဘတ်နာရတ်ဟာလည်း ပွဲပြီးခါနီး ၈၆ မိနစ်မှာ ထပ်မံပြီး အနီကတ်ပြခံခဲ့ရပါတယ်။
အင်္ဂါနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၁၉၉၅ ခုနှစ်မှာ တင်ထားတဲ့ လက်စတာစီတီးအသင်းရဲ့ ၉ ဂိုးပြတ်နိုင်ပွဲစံချိန်ကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။
လက်စတာဟာ အက်စ်ဝှစ်တောင်းအသင်းကို ၉ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ အောက်တိုဘာမှာလည်း ဆောက်သမ်တန်အသင်းကို ဒီရလဒ်နဲ့ပဲ ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်။
လက်စတာနဲ့ ယူနိုက်တက်အသင်းတို့ ၉ ဂိုးပြတ် သွင်းယူနိုင်ခဲ့တဲ့ အသင်းဟာ ဆောက်သမ်တန်ပဲဖြစ်နေတာ တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ၉ ဂိုးကို ကစားသမား ၇ ဦးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးပြီးနောက် ဒုတိယမြောက်လည်းဖြစ်ပါတယ်။ အင်္ဂါနေ့ရလဒ်ဟာ ဆိုးလ်ရှားရဲ့အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ဂိုး ဒါမှမဟုတ် ၆ ဂိုးအထက်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယပွဲလည်း ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၀-၀၁ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒီလိုသွင်းဂိုးမျိုးတွေ ၂ ကြိမ်ဆက်တိုက်မြင်ရတဲ့ ပထမဆုံးရာသီလည်း ဖြစ်ပါတယ်။