ဆောက်လက်စ တိုက်ပြိုကျ

October 15, 2021

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဆောက်လက်စ တိုက်ပြိုကျပြီး ၃ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ဆောက်လက်စတိုက်တလုံး  အောက်တိုဘာ ၁၅ ရက် ဒီနေ့နံနက်ပိုင်းက ပြိုကျခဲ့ပြီး ကန်ထရိုက်တာ ၁ ဦးနဲ့ ဆောက်လုပ်ရေးလုပ်သား ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦးသေဆုံးသွားပါတယ်။ 

ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ မေယုလမ်းထိပ်၊ ကျန်စစ်သားလမ်းနဲ့ မေယုလမ်းထောင့်တွင် ဆောက်လုပ်ဆဲ  သုံးထပ်တိုက်ပြိုကျခဲ့တာဖြစ်ပြီး  အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သူ ၃ ဦးကိုတော့    မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ထားရပါတယ်။

"စုစုပေါင်း ၆ ဦးတွေ့ပါတယ်။ အကုန်လုံးကို မြောက်ဥက္ကလာဆေးရုံကိုပို့လိုက်ပါပြီ။ သုံးဦးက ဆုံးသွားပါတယ်။" လို့ စေတနာရှင်ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါအဆောက်အဦ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။  တိုက်ပြိုကျတဲ့ နေရာကို အနီးနားက ပြည်သူတွေ အများအပြား လာရောက်ကြည့်ရှုခဲ့ပြီး စစ်ကောင်စီတပ်တွေကလည်း ရောက်လာကာ လက်နက်အပြည့်အစုံနဲ့ စောင့်ကြပ်နေတာ တွေ့ရပါတယ်။

လက်ရှိအချိန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးသွားပြီဖြစ်ပေမဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေက  အပျက်အစီးတွေကို ဆက်လက်ဖယ်ရှား ရှင်းလင်းနေကြပါတယ်။

Photo- MPA/MFS

3 months Ago
Up