ဆူလေမန်နီ

January 2, 2022

အီရန်ဗိုလ်ချုပ်ဆူလေမန်နီ လုပ်ကြံခံရမှု ၂ နှစ်ပြည့်အောက်မေ့ဖွယ်ပွဲ တီဟီရန်တွင် ကျင်းပ

အီရန်စစ်ဗိုလ်ချုပ် ကာဆမ် ဆူလေမန်နီ လုပ်ကြံခံရမှု ၂ နှစ်ပြည့်  အောက်မေ့ဖွယ်ခမ်းအနားကို အီရန်အစိုးရက  တီဟီရန်မြို့မှာ ကျင်းပခဲ့ပြီး သူတို့ လေးစားရတဲ့ခေါင်းဆောင် သေဆုံးရမှုမှာ လက်ရှိ အမေရိကန်အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သမ္မတထရမ့်က ၂၀၂၀ ဇန်နဝါရီ ၃ ရက်မှာ အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ အီရန်စစ်ဗိုလ်ချုပ် ကာဆမ်ဆူလေမန်နီကို အဝေးထိန်းဒရုန်းယာဉ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ 

ဆူလေမန်နီဟာ Quds Force ရဲ့ တပ်မှူးဖြစ်ပြီး၊ အဲဒီအဖွဲ့ဟာ လက်ဘနွန်ဟစ်ဇ်ဘိုလာ၊ ပါလက်စတိုင်း ဂျီဟဒ်အုပ်စုတွေနဲ့ ပူးပေါင်းထားတဲ့ အကြမ်းဖက်အဖွဲ့လို့ အမေရိကန်က ယူဆထားတာပါ။

မနေ့က အောက်မေ့ဘွယ်အခမ်းအနားမှာ အီရန်လေကြောင်းဆိုင်ရာစစ်ဗိုလ်ချုပ် ‘အာမီယာ အလီ ဟာဂျီဇဒက်’ က “ဆူလေမန်နီကို လုပ်ကြံတဲ့ အမေရိကန်တွေရဲ့ အဓိက ရည်ရွယ်ချက်က အီရန်ကို ချည့်နဲ့သွားစေဖို့ပါ။ အီရန်ကို ကာကွယ်ရေး၊ နိုင်ငံရေး၊ ဒေသအရေးတွေမှာ နောက်ဆုတ်သွားအောင် သူတို့ လုပ်ချင်တယ်။ အီရန်ရဲ့ တော်လှန်ရေးပုံရိပ်ကို ပျက်စီးသွား စေချင်တယ်”  လို့ ပြောပါတယ်။

သူက “ကျနော်တို့ရဲ့ ကြီးမြတ်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုအတွက် အမေရိကန်အစိုးရမှာ တာဝန်လုံးလုံးရှိတယ်။ နိုင်ငံတကာဥပဒေကို  ချိုးဖောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဆိုတာ လုံးဝ ရှင်းပါတယ်။ အဲဒီအတွက် လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရ မှာလည်း တာဝန်ရှိတယ်” လို့ ပြောခဲ့ပါတယ်။

11 months Ago

January 2, 2021

တော်လှန်ရေး ဆက်လုပ်မည်ဟု အီရန်အကြီးတန်းတပ်မှူး ပြော

အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆန်ဆူလေမန်နီ လုပ်ကြံခံရပြီး တစ်နှစ်အကြာ တော်လှန်ရေးကို ဆက်လုပ်သွားမယ်လို့ အီရန်အကြီးတန်းတပ်မှူးက ဇန်နဝါရီ ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ ဇန်နဝါရီလ ၃ ရက်က အီရန်တော်လှန်ရေး အစောင့်တပ်ရဲ့ ကွတ်တပ်ဖွဲ့ ခေါင်းဆောင် ဆူလေမန်နီကို အမေရိကန်ဒရုန်းယာဉ်နဲ့  သုတ်သင်ခဲ့ပါတယ်။ ဒေသတွင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတဲ့ အီရန်မဟာမိတ် စစ်သွေးကြွတွေကို ဆူလေမန်နီက ကြိုးကိုင်နေတယ်ဆိုပြီး အမေရိကန်အစိုးရက စွပ်စွဲခဲ့ပါတယ်။  ကွတ်တပ်ဖွဲ့ ခေါင်းဆောင်အဖြစ် ဆူလေမန်နီနေရာကို ဆက်ခံတဲ့ အစ္စမေးလ်ဂါနီကလည်း အီရန်အနေနဲ့ တုံ့ပြန်ဖို့ အသင့်ရှိနေဆဲလို့ ဇန်နဝါရီ ၁ ရက်မှာ ပြောဆိုပါတယ်။  ဒီဇင်ဘာ ၃၀ ရက်က အမေရိကန် B-52 ဗုံးကြဲလေယာဉ် နှစ်စင်းဟာ  အရှေ့အလယ်ပိုင်း ဒေသ ကောင်းကင်ယံမှာ ပျံသန်းခဲ့ပါတယ်။ ဒါဟာ ဆူလေမန်နီ လုပ်ကြံခံရတဲ့ တစ်နှစ်ပြည့် အခမ်းအနားမတိုင်မီ  ခြောက်လှန့်တဲ့ သတင်းစကားဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။  သမ္မတ ထရမ့်ဟာ အီရန်ကို တိုက်ခိုက်ဖို့ ရမယ်ရှာနေတယ်လို့ ပြောဆိုလိုက်ပြီး အီရန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ ကာကွယ်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗစ်ဇာရစ်က ပြောဆိုထားပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ဆူလေမန်နီ လုပ်ကြံခံရတဲ့ တစ်နှစ်ပြည့်အခမ်းအနားကို လက်ဘနွန်၊ အီရတ်၊ ဆီးရီးယား၊ ယီမင်နဲ့ ဂါဇာဒေသတို့က အီရန်ရဲ့ ဒေသတွင်း မဟာမိတ်တွေနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up