ဆူရင်းတိရစ္ဆာန်ကျန်းမာရေးစင်တာ

February 7, 2020

ချင်းမိုင်တွင် ဆင်များကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး (ရုပ်သံ)

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ပြင်းထန်အဆုတ်ယောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံပေါင်း ၂၇ နိုင်ငံထိ ပြန့်ပွားနေပြီး သက်ဆိုင်ရာနိုင်ငံတွေကလည်း ရောဂါပိုးကူးစက်မှုကာကွယ်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။  ရောဂါပိုးကူးစက်ခံရသူအများစုမှ ဝူဟန်ကိုသွားရောက်ခဲ့ဖူးသူတွေ၊ အဆိုပါလူတွေနဲ့ နီးစပ်တဲ့ လူတွေဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလ တရုတ်ခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်လည်ပတ်ခဲ့တဲ့နေရာတွေကို ဗိုင်းရပ်စ်ပိုးကူးစက်မှုကာကွယ်ရေးတွေ ဆောင်ရွက်နေပါတယ်။   ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် မဲ့လိမ်းမြို့နယ်ရှိ မဲ့ဆာဆင်စခန်းက ဆင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ထိုင်းနိုင်ငံ ဆူရင်းတိရစ္ဆာန်ကျန်းမာရေးစင်တာက တာဝန်ရှိသူတွေ၊ တိရစ္ဆာန်ကျန်းမာရေးသုတေသနဌာန နဲ့ လမ်းပန်းခရိုင် ဆင်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေဟာ ဆင်တစ်ကောင်ချင်းစီကို အဆုတ်နာ၊ တီဘီရောဂါ နဲ့ အခြားကူးစက်တတ်သော ရောဂါစစ်ဆေးရှာဖွေကုသရေးတွေ လုပ်ခဲ့သလို ဓာတ်ဆားရည်ပေးတာအပြင် လိုအပ်တဲ့ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။  မဲ့ဆာဆင်စခန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများပြီး အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံက ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဆင်စခန်းမှာလည်း ရောဂါကာကွယ်ရေးတွေလုပ်ခဲ့ကြောင်း၊ တီဘီရောဂါဟာ လူကနေ ဆင်ကိုလည်းကူးစက်နိုင်ကြောင်း၊ အခုလို တိရစ္ဆာန်ကျန်းမာရေးဌာနက လာပြီး ကာကွယ်ကုသပေးတော့ စခန်းကိုအလည်လာတဲ့ ခရီးသွားပြည်သူတွေကို ယုံကြည်စိတ်ချမှုဖြစ်စေတယ်လို့ မဲ့ဆာဆင်စခန်းက ဦးစီးမှူး အန်ချလီ ကလမာဖိကျစ်က သတင်းထောက်တွေကို ပြောပါတယ် ။  ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၅ ဦးရှိပြီး ၉ ဦး သက်သာလို့ ဆေးရုံကဆင်းသွားပြီဖြစ်ကြောင်း၊ လောလောဆယ် ဆေးရုံမှာ ကုသမှုခံနေရသူ ၁၆ ဦး ကျန်ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း သံသယရှိသူမှာ ၂၀ ဦးရှိပြီး စောင့်ကြည့်ခံရသူမှာ ၆၁၅ ဦး ရှိကြောင်း၊ သူတို့ထဲက ၄၉ ဦးမှာ လေဆိပ်တွေကနေ ဝင်ရောက်လာသူတွေဖြစ်ပြီး ၅၆၆ ဦးမှာ မိမိဖာသာ သံသယကင်းအောင် ပုဂ္ဂလိကဆေးရုံနဲ့ အစိုးရဆေးရုံတွေမှာ လာရောက် အစစ်ဆေးခံသူတွေဖြစ်တယ်လို့ ဆိုပါတယ်။  အဲဒီထဲက ၂၂၅ ဦးမှာ သာမန်တုပ်ကွေးမိခြင်းသာဖြစ်တဲ့အတွက် ဆေးရုံဆင်းသွားပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီနေ့မနက်မှာ ထုတ်ပြန်ပြောဆိုသွားပါတယ်။ 
1 year Ago
Up