ဆူဒန်အစိုးရ

October 4, 2020

ဆူဒန်အစိုးရနှင့် သူပုန်အုပ်စု ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ထိုး

ဆယ်စုနှစ်ချီ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ရည်မှန်းပြီး ဆူဒန်နိုင်ငံမှာ အစိုးရနဲ့ သူပုန်အုပ်စု အတော်များများတို့ အောက်တိုဘာ ၃ ရက်မှာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုး လိုက်ကြပါတယ်။  ဆူဒန်ပြည်တွင်းစစ်ကြောင့် ထောင်သောင်းချီတဲ့ လူတွေ သေဆုံးပြီး သန်းချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။  တောင်ဆူဒန်နိုင်ငံမှာ ကျင်းပတဲ့လချီ ဆွေးနွေးပွဲတွေအပြီး နိုင်ငံတောင်ပိုင်းက သူပုန် တဖွဲ့နဲ့ နိုင်ငံအနောက်ပိုင်း ဒါဖာဒေသက ၂ ဖွဲ့တို့ အပါအဝင် အဓိက သူပုန်အုပ်စု ၃ စုက သြဂုတ်လထဲမှာ ကနဦး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။  ရည်မှန်းချက် ပန်းတိုင်ကတော့ နောက်ဆုံးမှာ လက်နက်ကိုင်အုပ်စုအားလုံးနဲ့ သဘောတူညီ ချက်တွေကို လက်မှတ်ထိုးဖို့ပါပဲလို့ တောင်ဆူဒန်ညှိနှိုင်းရေးမှူးက ပြောပါတယ်။  ရေနံကြွယ်ဝတဲ့ ဆူဒန်တောင်ပိုင်းက ၂၀၁၁ မှာ ခွဲထွက်သွားခဲ့အပြီး စီးပွားရေးအကြပ် ရိုက်နေချိန် ကျန်ခဲ့တဲ့ ဆူဒန်မှာ ဆန္ဒပြပွဲတွေက ၂၀၁၉ မှာ သမ္မတကို ဖြုတ်ချခဲ့ကြပါတယ်။  အဲဒီနောက် အရပ်သားအစိုးရနဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အာဏာမျှဝေ အုပ်ချုပ်ခဲ့ ကြပြီး ပဋိပက္ခတွေ အဆုံးသတ်ရေးက ထိပ်တန်းဦးစားပေးလို့ ပြောခဲ့ကြပါတယ်။  သဘောတူညီချက်တွေထဲမှာ သူပုန်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအဖြစ် အဆင့်မြှင့်ပေးဖို့ သတ်မှတ်ချက်တွေပါပြီး နိုင်ငံရေးအရ ကိုယ်စားပြုခွင့်နဲ့ စီးပွားရေး၊ မြေယာပိုင်ဆိုင်ရေးတွေကို ပေးထားမှာပါ။  ဆင်းရဲတဲ့ နိုင်ငံတောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာ ဆယ်နှစ်ထိ တနှစ်ကို အမေရိကန် ဒေါ်လာ သန်း ၇၅၀ ရန်ပုံငွေ ပေးမှာဖြစ်ပြီး အိုးအိမ်စွန့်ခွာ နေထိုင်ရသူတွေ ပြန်လာနိုင်ရေးကို လည်း အာမခံထားပါတယ်။  အကဲခတ်တွေက သဘောတူညီချက်ကို ကြိုဆိုကြပေမယ့် လက်နက်ကိုင်အုပ်စုတွေနဲ့ စစ်တပ်ကို သိသာတဲ့ အခန်းကဏ္ဍတွေ ပေးထားတဲ့အပေါ် မေးခွန်းတွေ ထုတ်နေကြပါတယ်။ 
1 year Ago

September 1, 2020

ဆူဒန်အစိုးရနှင့် သူပုန်အဖွဲ့ ၅ ဖွဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုး

ဆူဒန်အာဏာခွဲဝေရေးအစိုးရဟာ နိုင်ငံရဲ့ အဓိကသူပုန်အဖွဲ့ ၅ ဖွဲ့နဲ့  သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို  သြဂုတ် ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင်ဟောင်း အိုမာအယ်ဘာရှာလက်ထက်တုန်းက ဆိုးရွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံမှာ ၂၀၁၉ ဧပြီလတုန်းက သမ္မတဘာရှာကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရဲ့ ကာလရှည် ပဋိပက္ခတွေကို အဆုံးသတ်ရေးဟာ ၃၉ လ ကြာ အသွင်ကူးပြောင်းရေးရဲ့ ထိပ်တန်းဦးစားပေးကိစ္စ ဖြစ်တယ်လို့ အာဏာခွဲဝေရယူထားတဲ့ အရပ်ဘက်နဲ့စစ်ဘက် ခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ တောင်ဆူဒန် မြို့တော်ဂျူဘာမှာ ရေးထိုးတဲ့ ဒီသဘောတူညီချက်အရ သူပုန်အဖွဲ့တွေကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ပေးတာ၊ လုပ်ပိုင်ခွင့်လွှဲပေးတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲ ပေါင်းစည်းခွင့်ပြုတာ၊ စီးပွားရေးနဲ့ မြေယာအခွင့်အရေးတွေ ပေးအပ်တာနဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လာခွင့်ပြုတာတွေ ပါဝင်ပါတယ်။ အစိုးရတပ်တွေနဲ့ အာရပ်စစ်သွေးကြွအများစုက အာရပ်မဟုတ်တဲ့ သူပုန်တွေကို ဖိနှိပ်တာကြောင့် ၂၀၀၃ နောက်ပိုင်းမှာ ဒါဖာပဋိပက္ခ ပျံ့နှံ့ခဲ့ပြီး ခန့်မှန်းခြေ လူ ၃ သိန်းကျော် သေဆုံးကာ  ဒေသခံ ၂ ဒသမ ၅ သန်း နေရပ်စွန့်ခွာခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
1 year Ago
Up