ဆူညံဆိုင်ကယ်အိတ်ဇောများ

July 10, 2020

တမူးမြို့တွင် ဖမ်းဆီးထားသည့် ဆူညံဆိုင်ကယ်အိတ်ဇောများ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ၂၀၁၉ ဖေဖော်ဝါရီလကစတင်ကာ ဖမ်းဆီးထားတဲ့ ဆူညံဆိုင်ကယ်အိတ်ဇောတွေကို ဇူလိုင်လ ၁၀ နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့ပါတယ်။ ဖျက်ဆီးလိုက်တဲ့ ဆူညံဆိုင်ကယ်အိတ်ဇောအရေတွက်မှာ အလုံးရေ ၂၀၀ ရှိပြီး တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် သိမ်းဆည်းခံရတာတွေ ဖြစ်ကြပါတယ်။ တမူးမြို့ အမှတ် (၁၁၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်ကြည်စိုးက "ကျနော်တို့အနေနဲ့ ဆိုင်ကယ်ဦးထုပ်မပါတာတွေရော၊ အိတ်ဇောဖောက် မောင်းလာတဲ့ သရုပ်ပျက်ဆိုင်ကယ်တွေရော အမြဲဖမ်းပါတယ်။ ပုဒ်မအလိုက် တရားရုံးတင်ပြီး တရားစွဲဆိုတယ်။ တရားရုံးက ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပြီး သက်သေခံပစ္စည်းဖြစ်တဲ့ ဆူညံဆိုင်ကယ်အိပ်ဇောတွေကို ယာဉ်ထိန်းတပ်ဖွဲ့က သိမ်းဆည်းရပါတယ်။ အခု အဲ့ဒါတွေအားလုံးကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖျက်ဆီးတာပါ" လို့ ပြောပါတယ်။ ဆိုင်ကယ်အိတ်ဇော ဖျက်ဆီးမှုကိုတော့ တမူးခရိုင်တာဝန်ရှိသူတွေနဲ့ မြို့နယ်တာဝန်ရှိသူတွေရှေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖျက်ဆီးလိုက်တဲ့ ဆူညံဆိုင်ကယ်အိတ်ဇောတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလလအတွင်းက ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေက အိပ်ဇောတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။‌ ရန်နိုင်စိုး
10 months Ago
Up