ဆူဇူကီးဖလားယှဉ်ပြိုင်ရန် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအသင်းတို့ ရောက်ရှိ

A d v e r t i s e m e n t With Us

November 16, 2016

ဆူဇူကီးဖလားယှဉ်ပြိုင်ရန် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအသင်းတို့ ရောက်ရှိ (ဓာတ်ပုံ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆူဇူကီးဖလား ၂၀၁၆ ဘောလုံးပြိုင်ပွဲဝင် အသင်းတသင်းဖြစ်တဲ့ ဗီယက်နမ်အသင်းဟာ နိုဝင်ဘာ ၁၅ ရက် နေ့လယ်က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ဗီယက်နမ်အသင်းဟာ အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ဝင်၊ ကစားသမား စုစုပေါင်း ၂၃ ဦး ပါဝင်ပြီး ပြိုင်ပွဲဝင်အသင်းများအနက် မြန်မာနိုင်ငံကို အစောဆုံးရောက်ရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ အုပ်စု ခ မှာ အိမ်ရှင် မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုတွင်း အင်အားအတောင့်တင်းဆုံး အသင်းအဖြစ် ပြိုင်ဘက်တွေက သတ်မှတ်ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။ အလားတူ ဆူဇူကီးဖလား ၂၀၁၆ အုပ်စု ခ ပြိုင်ပွဲဝင် နောက်တသင်းဖြစ်တဲ့ ကမ္ဘောဒီယားအသင်းလည်း မနေ့ညနေ ၇ နာရီက မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ကမ္ဘောဒီးယားအသင်းဟာ ဒီနှစ် ဆူဇူကီးဖလားပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်က ၀င်ခဲ့ရတာဖြစ်ပြီး လာအို၊ ဘရူနိုင်း၊ တီမောတို့ကို အနိုင်ယူကာ နောက်ဆုံးအဆင့်ကို တက်လှမ်းလာတာ ဖြစ်ပါတယ်။ ဆူဇူကီးဖလား ၂၀၁၆ ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို အုပ်စုနှစ်စုခွဲထားပြီး အုပ်စု က မှာ အင်ဒိုနီးရှား၊ အိမ်ရှင် ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းအသင်းတို့ ပါဝင်ပါတယ်။ အိမ်ရှင်မြန်မာအသင်းရဲ့ အုပ်စု ခ ပွဲစဉ်တွေကိုတော့ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ မှာ ဗီယက်နမ်၊ ၂၃ ရက်မှာ ကမ္ဘောဒီးယားနဲ့ ၂၆ ရက်နေ့မှာ မလေးရှားအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  
4 years Ago
Up