ဆုံးဖြတ်ချက်

February 15, 2020

အိုလံပစ်ပွဲသွားရန် လီဗာပူးအသင်း ဆုံးဖြတ်ချက် ဆာလက် စောင့်ဆိုင်းနေ

နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် အီဂျစ်အသင်းကို ကိုယ်စားပြုဖို့ မိုဟာမက်ဆာလက်ကို နိုင်ငံအသင်းထံ လွှတ်ပေးသင့် မပေးသင့် ဆုံးဖြတ်ဖို့အတွက် သတင်းအချက်အလက် များစွာ လိုအပ်နေဆဲ ဖြစ်တယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။  အီဂျစ် အိုလံပစ်နည်းပြ ရှော်ကီဂါရစ်က ဆာလက်ကို ပြိုင်ပွဲဝင် အီဂျစ်အသင်းရဲ့ ပဏာမ အယောက် ၅၀ လူစာရင်းထဲ ထည့်သွင်းထားတယ်လို့ အတည်ပြုပြောထားပါတယ်။  ဒါပေမဲ့ ဒီပြိုင်ပွဲမှာ ဆာလက် ပါဝင်ခြင်း ရှိ၊ မရှိကတော့ လီဗာပူးအသင်းနဲ့ ကလော့ပ်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတယ်လို့လည်း သူက ပြောပါတယ်။  ဆာလက်သာ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအတွက် အီဂျစ်အသင်းမှာ ပါဝင်ခွင့် ရခဲ့မယ်ဆိုရင် သူဟာ နောက်ရာသီ ပရီးမီယားလိဂ် အဖွင့်ပွဲစဉ်တချို့ကို လွဲချော်ရမှာပဲ ဖြစ်ပါတယ်။  လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ကို သြဂုတ် ၈ ရက်မှာ ကျင်းပမယ်လို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ကလော့ပ်က ဒီအခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီးဖြစ်ကာ ဆာလက်ကို အီဂျစ်အသင်းအတွက် မခေါ်ခင် အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဘက်က တစုံတယောက်ရဲ့ ဆက်သွယ်မှုကို စောင့်ဆိုင်းနေပြီး မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ “ရာသီအကြိုပွဲစဉ်မှာ ကစားသမားတဦးကို ဆုံးရှုံးချင်သလားလို့ မေးရင် နိုးလို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ခြားနားတဲ့ အကြောင်းအရာတွေကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ ကျနော် မိုနဲ့ စကားပြောပြီးသွားပါပြီ။ ကျနော်တို့ ဒီကိစ္စအတွက်လည်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးပါပြီ။ ဒါပေမဲ့ ကျနော်တို့အတွက် သတင်းအချက်အလက်တွေ လိုအပ်ပါတယ်။ ဒီလို ပါဝင်ခွင့်က ဘယ်လို ပုံစံမျိုးလဲ။ ဘယ်အချိန် ပြင်ဆင်မှုတွေ စတင်မှာလဲ ဆိုတာမျိုးပေါ့။ အခုချိန်ထိ ကျနော်တို့ဘက်ကို ဘယ်သူကမှ ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီဟာက အိုလံပစ်ပြိုင်ပွဲပါ။ ပြီးတော့ ကျနော်ဟာ အားကစားလောကထဲက လူတဦး ဖြစ်နေပြီးတော့ အိုလံပစ်ပြိုင်ပွဲကတော့ အိုလံပစ်ပြိုင်ပွဲပါပဲ” လို့လည်း ကလော့ပ်က ပြောပါတယ်။  ဒါ့အပြင် ဂျာမနီနည်းပြကြီးက ဖေဖော်ဝါရီ ၁၅ ရက် ပွဲမှာ လီဗာပူးအသင်းအတွက် ဆာဒီယိုမာနေးနဲ့ ဂျိမ်းစ်မီနာလ်တို့ ပါဝင်ဖို့ရှိနေပြီလို့လည်း ပြောပါတယ်။ မီနာလ်ဟာ အဲဗာတန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ တင်ပါးဒဏ်ရာကြောင့် ဇန်နဝါရီအစောပိုင်းကတည်းက အနားယူခဲ့ရသူ ဖြစ်ပါတယ်။  မာနေးလ်ဟာလည်း ဇန်နဝါရီ ၂၃ ရက် ဝုဗ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့သူ ဖြစ်ပါတယ်။
1 year Ago

October 20, 2019

အိုင်စီစီ တရားစီရင်ခွင့်ရှိသည့် ဆုံးဖြတ်ချက် မြန်မာ ပယ်ချ

မြန်မာနိုင်ငံအပေါ်  အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ)က တရားစီရင်ခွင့်ရှိတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မြန်မာ ပယ်ချပြီး အကြွင်းမဲ့ တရားစီရင်ခွင့်ကို အသုံးပြုဖို့ အဓိကတာဝန်ရှိသူဟာ ပြစ်မှုဖြစ်ပွားခဲ့တဲ့နိုင်ငံပဲ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) မှာ ကန့်ကွက်ဆွေးနွေးခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာအဆင့် တရားဥပဒေစိုးမိုးရေး ဘာသာရပ်နဲ့ပတ်သက်လို့ အောက်တိုဘာ ၁၀ ရက်က ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး ကော်မရှင်က အစီရင်ခံစာကို ပြုစုနေတယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ တပ်မတော် စစ်ဥပဒေချုပ်ရုံးကလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်နေသလို တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ မကြာခင် စစ်ခုံရုံး စတင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ သူ့ရဲ့ အစီရင်ခံစာတွေကို လုံးဝ ပယ်ချပြီး အဲဒီအဖွဲ့ရဲ့ ဆောင်ရွက်ချက်နဲ့ အစီရင်ခံစာတွေဟာ ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝိုင်းအကြား မယုံကြည်တာတွေ တိုးပွားလာစေနိုင်တယ်လို့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် FFM နဲ့ သူ့ရဲ့ အစီရင်ခံစာတွေအပြင် လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားကိုလည်း ပယ်ချခဲ့ပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ပယ်ချပြီး တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့် လုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ ဆွေးနွေးရာမှာတော့ အကြွင်းမဲ့ တရားစီရင်ခွင့်ကိုသုံးဖို့ အဓိက တာဝန်ရှိသူဟာ ပြစ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံပဲ ဖြစ်ပြီး ဒီအကြွင်းမဲ့ တရားစီရင်ပိုင်ခွင့်ကို တလွဲ အသုံးပြုနိုင်ခြေ ရှိတာကိုလည်း သတိထားဖို့ လိုတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ အကြွင်းမဲ့ တရားစီရင်ပိုင်ခွင့်ကို ကြိုးကိုင်ခြယ်လှယ်တာ၊ သီးသန့်ခွဲခြား ရွေးထုတ် အသုံးပြုတာ စတဲ့ အန္တရာယ်လည်း ကြီးကြီးမားမားရှိနေပြီး ဥပမာတခုကတော့ မြန်မာနိုင်ငံအပေါ် ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar -IIM) ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
2 years Ago
Up