ဆုံဆို့

A d v e r t i s e m e n t With Us

October 29, 2020

ပီရူး၌ နှစ် ၂၀ အတွင်း ကလေးငယ် ၁ ဦး ဆုံဆို့နာရောဂါ ပထမဆုံး ကူးစက်ခံရ 

ပီရူးနိုင်ငံမှာ နှစ် ၂၀ အတွင်း ကလေးငယ်တဦး ဆုံဆို့နာရောဂါ ပထမဆုံး ကူးစက်ခံထားရတယ်လို့ အောက်တိုဘာ ၂၉ ရက် ရိုက်တာသတင်းဌာနမှာ‌ ဖော်ပြထားပါတယ်။  ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ ကလေးတွေအတွက် ပုံမှန် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို နှောင့်ယှက်နိုင်တယ်လို့ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေက သတိပေးထားခဲ့တဲ့ကြားက ခုလို ဖြစ်လာတာပါ။ မြို့တော်လီမာက ငါးနှစ်သမီးလေး တယောက်မှာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ တမျိုးဖြစ်တဲ့ ဆုံဆို့နာ ကူးစက်ခံရတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီးက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။ ပိုကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်ချေကို ခြေရာခံ ထောက်လှမ်းဖို့၊ ထိန်းချုပ်ဖို့နဲ့ ကာကွယ်ဆေးတွေ ထောက်ပံ့ဖို့ နိုင်ငံလုံးဆိုင်ရာ ကူးစက်ကပ်ဘေး တပ်လှန့်သတိပေးချက်ကို အစိုးရက  ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ ဆုံဆို့နာဟာ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို သက်ရောက်စေပြီး တစ်သျှူးအသားမျှင်တွေကို သေစေတဲ့အတွက် အသက်ရှူရခက်စေပါတယ်။  အသက်ရှူလမ်းကြောင်းတလျှောက် ကူးစက်နိုင်ပြီး ရောဂါပျိုးချိန် ၂ ရက်ကနေ ၅ ရက်အတွင်း ကြာနိုင်ကာ ကူးစက်ခံ သေဆုံးနှုန်းက ၁၀ ရာခိုင်နှုန်း ကျော်နိုင်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပီရူးမှာ နောက်ဆုံးအကြိမ် ကူးစက်ခဲ့တာ ၂၀၀၀ ခုနှစ်ကပါ။ ဘရာဇီး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလားနဲ့ ဟေတီ နိုင်ငံတွေမှာ ကူးစက်ခဲ့ဖူးတယ်လို့လည်း ပန်အမေရိက ကျန်းမာရေးအဖွဲ့က ၂၀၁၉ ခုနှစ်က သတိပေးခဲ့ပါတယ်။  
3 months Ago
Up