ဆိုးလ်မြို့ ငါးပြတိုက်တွင် အကြီးဆုံးငါးမန်းက တခြားငါးမန်းကြီးကို ကိုက်စား (ရုပ်သံ)

January 30, 2016

ဆိုးလ်မြို့ ငါးပြတိုက်တွင် အကြီးဆုံးငါးမန်းက တခြားငါးမန်းကြီးကို ကိုက်စား (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ငါးပြတိုက်တခုမှာ အကြီးဆုံးငါးမန်းက တခြားငါးမန်းကြီး တကောင်ကို ဇန်န၀ါရီ ၂၈ ရက်နေ့ ကိုက်စားလိုက်ပါတယ်။ အဲ့ဒီပြတိုက်မှာ ဒါမျိုး ပထမဆုံး ဖြစ်ဖူးတာလို့ ဆိုပါတယ်။ COEX ငါးပြတိုက်ထဲက အသက် ၈ နှစ်အရွယ် သဲကျား ငါးမန်းမဟာ အရှည် ၇ ပေနီးပါး ရှိတာပါ။ အဲဒီငါးမန်းမက အရှည် ၃ ပေကျော်ရှိတဲ့ ငါးနှစ်သား ငါးမန်းကို တကိုက်ချင်း ဖြည်းဖြည်းချင်း ကိုက်စားခဲ့တယ်လို့ ဆိုပါတယ်။ ငါးမန်းချင်း တိုက်ခိုက်မှုအပြီး စစားချိန်ကနေ ၂၁ နာရီ အကြာမှာတော့ အမြီးသာ ကျန်တော့တာပါ။ အဲဒီနောက် ငါးမန်းက ငါးပြတိုက် လေ့လာသူတွေရှေ့က ပင်လယ်အောက် ဥမင်ထဲမှာ ကူးခပ်နေခဲ့ပါတယ်။ ငါးမန်းအမြီးက ငါးမန်းမရဲ့ ပါးစပ်ထဲမှာ လေးငါးရက် ဆက်ရှိနေနိုင်တယ်။ သူက ချက်ချင်း အစာမကြေ နိုင်လို့ သီတင်းပတ် တပတ် လောက် ကြာမှ ပြန်အန်ထုတ်လိမ့်မယ်လို့ ငါးပြတိုက် တာဝန်ရှိသူက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ နယ်မြေ လုတာမျိုးလို့ ငါးပြတိုက်က ယုံကြည်ကြပါတယ်။ “ငါးမန်းတွေဟာ သူတို့ကိုယ်ပိုင် ပိုင်နက် ရှိကြတယ်၊ တခါတလေ တကောင်နဲ့ တကောင် တိုက်မိတဲ့အခါ ကိုက်တတ်ကြတယ်” လို့ ငါးပြတိုက်ရဲ့ လူမှုဆက်ဆံရေး မန်နေဂျာ အိုတေးယူက ပြောပါတယ်။ ငါးမန်းအသေးလေးတွေ အချင်းချင်း ကိုက်တတ်ကြတာ အရင်က ဖြစ်ဖူးပေမယ့် ခုလို တကောင်လုံးကို စားပစ်တာကတော့ ပထမဆုံး အဖြစ်အပျက်ပဲလို့ ပြောပါတယ်။ ခုတော့ ငါးမန်းလှောင်ကန်ထဲမှာ ငါးမန်းစုစုပေါင်း ၄၂ ကောင်ဟာ လိပ် ၂ ကောင်နဲ့ ငါးလိပ်ကျောက် အကောင် ၂၀ တို့နဲ့ အတူတူ နေထိုင်တယ်လို့ ငါးပြတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။
6 years Ago
Up