ဆိုမာလီနိုင်ငံတွင် ကားဗုံးကွဲ၊ ၇ ဦး သေဆုံး

September 29, 2017

ဆိုမာလီနိုင်ငံတွင် ကားဗုံးကွဲ၊ ၇ ဦး သေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက ဘတ်စ်ကားမှတ်တိုင်တခုနားမှာ စက်တင်ဘာ ၂၈ ရက်နေ့က ကားဗုံးတလုံး ပေါက်ကွဲတာကြောင့် လူ ၇ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်လ်ရှာဘတ်တွေက ခုလို ဗုံးခွဲမှုတွေကို မိုဂါဒစ်ရှူးနဲ့ တခြားမြို့တွေမှာ မကြာခဏ လုပ်လေ့ရှိပါတယ်။ အနောက်နိုင်ငံတွေနဲ့ မဟာမိတ်ပြုထားတဲ့ ဗဟိုအစိုးရ မတည်ငြိမ်အောင် လုပ်ဆောင်တာဖြစ်ပြီး အရပ်သား ၇ ဦးသေဆုံးတာ ကိုယ်တိုင် ရေတွက်ခဲ့တယ်လို့ ရဲအရာရှိ ဗိုလ်မှူး နူးရ် ဟူစိန်က ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ အတည်ပြုပြောဆိုပါတယ်။ အရပ်သားတွေကို တင်လာတဲ့ မီနီဘတ်စ်တစီး ဖြတ်သွားချိန်မှာ ဗုံးကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေရှိလို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ အခင်းဖြစ်ရာနေရာက မျက်မြင်သက်သေ တယောက်ကတော့ သွေးစွန်းနေတဲ့ မီနီဘတ်စ်နဲ့ အလောင်း အနည်းဆုံး ၃ လောင်းကို မြင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
4 years Ago
Up