ဆိုမာလီသမ္မတသစ်လက်ထက် ပထမဆုံး အသေခံကားဗုံးခွဲတိုက်ခိုက်မှုဖြစ်၊ ၃၄ ဦးထက်မနည်း သေဆုံး

February 20, 2017

ဆိုမာလီသမ္မတသစ်လက်ထက် ပထမဆုံး အသေခံကားဗုံးခွဲတိုက်ခိုက်မှုဖြစ်၊ ၃၄ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသေခံ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပြီး လူ ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။ မြို့တော်တောင်ပိုင်းက မာဒီနာခရိုင်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး သမ္မတသစ် မိုဟာမက် အက်ဒူလာဟီ မိုဟာမက် အခုလဆန်းပိုင်းက တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာနားက ဆိုင်တန်းတွေအားလုံး လွှင့်စဉ်ပျက်စီးခဲ့ပြီး လူအယောက် ၅၀ နီးပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ လောလောဆယ်တော့ ဒီတိုက်ခိုက်မှုကို တာဝန်ခံ ကြေညာတဲ့ အကြမ်းဖက်အဖွဲ့အစည်း မရှိသေးပေမယ့် ဆိုမာလီယာနိုင်ငံမှာ အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့က အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဆိုမာလီ လုံခြုံရေးအာဏာပိုင်တွေက အဓိက သံသယ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း အယ်လ်ရှာဘတ် အကြမ်းဖက်ခေါင်းဆောင်တဦးက သမ္မတသစ်ကို ထောက်ခံအားပေးတဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ကြေညာထားတာပါ။ မသမာတဲ့ သမ္မတသစ်နဲ့ ပူးပေါင်းနေသူတွေ အစ္စလာမ္မစ်တပ်ဖွဲ့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရမယ်လို့ အဲဒီ အကြမ်းဖက်ခေါင်းဆောင် ရှိတ်ဟာဆန်ယာကွပ်ဘ် (Sheikh Hassan Yaqub) က ခြိမ်းခြောက်ထားပါတယ်။
4 years Ago
Up