ဆိုမာလီယာနိုင်ငံတွင် ကားဗုံးကွဲ၊ ၂၂ ဦး သေဆုံး

October 15, 2017

ဆိုမာလီယာနိုင်ငံတွင် ကားဗုံးကွဲ၊ ၂၂ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒီရှုမှာ အောက်တိုဘာ ၁၄ ရက်နေ့က ကားဗုံး ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့ပြီး အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်။ အစိုးရရုံးတွေ၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေတည်ရှိရာ K5 Junction မှာဖြစ်ခဲ့တဲ့ ပထမအကြိမ်ပေါက်ကွဲမှုမှာ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ကားအစီးရေများစွာလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ နောက်ထပ် ၂ နာရီအကြာမှာ မိုဂါဒီရှုမြို့ မဒီနာ-ခရိုင်အတွင်း နောက်ထပ်ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး အဲဒီပေါက်ကွဲမှုမှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ကားဗုံးထောင်မှုနဲ့ သံသယရှိသူ ၁ ဦးကို ဖမ်းမိထားတယ်လို့ ရဲက ပြောပါတယ်။ အခု ပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်ခဲ့တယ်လို့ မသိရသေးပေမယ့် အစ္စလာမ္မစ်အဖွဲ့အစည်း အယ်လ်ရှာဘာ့ဘ်က အခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ အယ်ခါ(ယိ)ဒါး နဲ့ မဟာမိတ်ဖြစ်တဲ့ အယ်လ်ရှာဘာ့ဘ်က သူတို့ရဲ့ တင်းကြပ်တဲ့ အစ္စလာမ္မစ်စည်းမျဉ်းတွေကို  အကောင်အထည်ဖော်ပြီး ကုလသမဂ္ဂ ကျောထောက်နောက်ခံနဲ့ ရပ်တည်နေတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အစိုးရတပ်တွေကို စစ်ရှုံးပြီး သူတို့ရဲ့ ပိုင်နက် နယ်မြေတော်တော်များများ ဆုံးရှုံးခဲ့ရပေမယ့် အယ်ရှာဘာ့ဘ်အဖွဲ့က မြို့တော်မိုဂါဒီရှုကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေ၊ ကားဗုံးတွေနဲ့ မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up