ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသကို သြစတြေးလျဝန်ကြီးချုပ် စစ်ဆေး

March 31, 2017

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသကို သြစတြေးလျဝန်ကြီးချုပ် စစ်ဆေး

သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန် ထန်းဘူလ်း (Malcolm Turnbull) ဟာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကွင်းစ်လန်း (Queensland) ပြည်နယ်ကို သွားရောက်ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်က ကွင်းစ်လန်းပြည်နယ်ကို ဒက်အ်ဘီ (Debbie) အမည်ရ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ အပြင်းအထန်ပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြတဲ့ ဒေသခံတွေကို ချီးကျူးအားပေးစကား ပြောဆိုခဲ့ပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အားပျော့သွားပြီ ဖြစ်ပေမယ့်လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတဲ့အတွက် ရေလွှမ်းမိုးမှုတွေ ဆက်ဖြစ်နေပါတယ်။ ပြည်နယ်အတွင်း မူကြိုကျောင်း ၁၂၀၀ ကျော် အပါအဝင် ကျောင်းအားလုံးကိုလည်း ပိတ်ထားရပါတယ်။ ပြည်နယ်မြို့တော် ဘရစ်ဘန်း (Brisbane) မြို့မှာ မတ် ၃၀ ရက်နေ့က မိုးရေချိန် ၂၀၀ မီလီမီတာ ရွာသွန်းခဲ့ပြီး ဘရစ်ဘန်းမြို့ တလတာ ပျှမ်းမျှမိုးရေချိန်ထက် ပိုများခဲ့ပါတယ်။ ပြည်နယ်ဒု-ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရရုံးတွေ ဆက်လက်ပိတ်ထားဖို့လည်း တိုက်တွန်းထားပါတယ်။ မုန်တိုင်းဟာ မုန်တိုင်းအဆင့်သတ်မှတ်ချက် ဒုတိယအမြင့်ဆုံးဖြစ်တဲ့ အဆင့် ၄ နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ပြည်နယ်အတွင်း အဆောက်အဦတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ် ၆ သောင်းကျော်လည်း လျှပ်စစ်မီးပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
5 years Ago
Up