ဆိုင်ကလုန်းမုန်တိုင်း

June 13, 2019

အိန္ဒိယကို ဝင်ရောက်မည့် ဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းပြောင်း

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေတဲ့ ဆိုင်ကလုန်း ဗာယူဟာ အခုအခါ လမ်းကြောင်းပြောင်းပြီး ကမ်းရိုးတန်းကို အဖျားခတ်ဖွယ်သာ ရှိတယ်လို့ အာဏာပိုင်တွေက ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့် ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်း၊ လေဆိပ်တွေကိုတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဟာရီကိန်း အဆင့် ၁ နဲ့ ပြင်းအားညီမျှတဲ့ ဆိုင်ကလုန်း ဗာယူဟာ မူလခန့်မှန်းထားတဲ့ ဂူဂျာရတ်ကမ်းရိုးတန်းကို ရှောင်ကွင်းပြီး အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ဆိုပါတယ်။ ဂူဂျာရတ်ပြည်နယ်ကို ဝင်ရောက်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့အတွက် အာဏာပိုင်တွေဟာ အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ ဒေသခံ ၃ သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ လေဆိပ်လုပ်ငန်း ကောင်တာတွေကို ခေတ္တဆိုင်းငံ့ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ရထားလိုင်းအာဏာပိုင်တွေက ခရီးစဉ် ၇၀ ကျော်ကို ဖျက်သိမ်းပြီး တခြားခရီးစဉ် နှစ်ဒါဇင်ကျော်ကို ကန့်သတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago

May 6, 2019

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၃၄ ဦးထက်မနည်း သေဆုံး

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီကြောင့် လူ ၃၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ အေပီနဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနတွေက မေလ ၅ ရက်မှာ ဖော်ပြပါတယ်။ လေတိုက်နှုန်း တနာရီ ၁၂၄ မိုင်ထိ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအန္တရာယ်ကနေ အချိန် ၂၄ နာရီအတွင်း လူ ၁၂ သိန်းကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ခဲ့လို့ သမိုင်းမှာ အကြီးဆုံး ဘေးကင်းကင်းရွှေ့ပြောင်းနိုင်မှု ဖြစ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံ သြရိဿပြည်နယ် ပူနီခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခုလို ရွှေ့ပြောင်းနိုင်ခဲ့တဲ့အတွက်လည်း လူအသေအပျောက် လျော့နည်းခဲ့လို့ အိန္ဒိယအစိုးရကို ကုလသမဂ္ဂက ချီးကျူးခဲ့ပါတယ်။ မုန်တိုင်းဟာ မေလ ၃ ရက်မှာ အိန္ဒိယနိုင်ငံ ကုန်းတွင်းကို ဝင်ရောက်အပြီး အားလျော့ခဲ့တာပါ။ အဲဒီနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဆက်ပြီး တိုက်ခတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်က ဒီပြည်နယ်ကို အလားတူ မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့လို့ လူအယောက် တသောင်းကျော် သေဆုံးခဲ့တာပါ။ ဒီတကြိမ်မှာတော့ မိုးလေဝသ ဟောကိန်းတွေ၊ ပြည်သူတွေ မုန်တိုင်းအန္တရာယ် အသိသတိရှိရေး လှုံ့ဆော် ပညာပေးမှုတွေနဲ့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး စီမံကိန်းတွေအပြင် စစ်တပ်နဲ့ ပြည်သူတွေရဲ့ လုပ်အားပေး တုံ့ပြန်မှုတွေကြောင့် အဆိုးဆုံး အခြေအနေက လွန်မြောက်ခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။
3 years Ago
More News
Up