ဆိုင်ကယ်စီး

March 29, 2019

အချစ်တော်ခွေးလေးနှင့် တောင်အမေရိကတခွင် ဆိုင်ကယ်စီး ခရီးနှင်သည့် အမျိုးသား (ရုပ်သံ)

အာဂျင်တီးနား ဆိုင်ကယ်သမား ဒါဒို ကမ်ပိုဆထွီနီနဲ့ သူ့ရဲ့ အချစ်တော်ခွေးလေး ပိုချိုတို့ဟာ တောင်အမေရိကတခွင် ဆိုင်ကယ်နဲ့ ခရီးနှင်နေကြပါတယ်။ ဒါဒို ကမ်ပိုဆထွီနီနဲ့ အချစ်တော်ခွေးလေး ပိုချိုတို့ဟာ ဆိုင်ကယ်စီးပြီး ခရီးတိုထွက်ရာကနေ တောင်အမေရိကတခွင် ဆက်ပြီး ခရီးနှင်ခဲ့ကြသလို တခြားဒေသတွေကိုလည်း ခရီးဆက်ဖို့ စီစဉ်နေပါတယ်။ ခွေးလေး ပိုချိုဟာ သူ့သခင်လုပ်ပေးထားတဲ့ ဆိုင်ကယ်နောက်ဘက်က သီးသန့်ခုံမှာ သက်တောင့်သက်သာ လိုက်လာပြီး လေကာမျက်မှန်လည်း တပ်ထားပါတယ်။ “ပိုချိုအတွက် ဆိုင်ကယ်နောက်ဘက်မှာ သီးသန့်ခုံသေးလေး တပ်ခဲ့တယ်။ ဒါဆိုရင် သူ ရှေ့ကိုလည်း မြင်ရပြီး လေညင်းလည်း ခံလို့ရအောင်ပါ။ ဒီလေကာမျက်မှန်ကတော့ လေတိုက်တာကြောင့်ပါ။ အချိန်အကြာကြီး ဆိုင်ကယ်စီးရင် လေတိုက်တဲ့ဒဏ်ကို မျက်လုံးက မခံနိုင်ဘူးလေ” လို့ ဆိုင်ကယ်သမား ဒါဒို ကမ်ပိုဆထွီနီက ပြောပါတယ်။ ဒေသခံတဦးကလည်း သူတို့ အခုလို ခရီးထွက်တာနဲ့ ပတ်သက်ပြီး “တခါမှ မတွေ့ခဲ့ဖူးဘူး။ ပိုချိုက သူ့သခင်အတူ ခရီးထွက်ရတာ တော်တော်ပျော်နေပုံရတယ်။ ခွေးတွေက လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေပါပဲ” လို့ ပြောပါတယ်။ ဆိုင်ကယ်သမားနဲ့ ခွေးလေးတို့ဟာ အာဂျင်တီးနား တောင်ပိုင်းတလျှောက် ခရီးနှင်ပြီးနောက် ချီလီနိုင်ငံ ပူတာအာရီနာမြို့ကို ရောက်လာခဲ့ကြပါတယ်။ သူတို့ဟာ အာဂျင်တီးနားကို မပြန်ခင် ကီလိုမီတာထောင်ချီ ဆက်ခရီးနှင်ကြဦးမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago

August 17, 2017

ကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီး မီးကွင်းထဲဖြတ် ဆိုင်ကယ်စီးပြသည့် အဘိုးအိုရုပ်သံ ရေပန်းစား

ကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီး မီးကွင်းထဲဖြတ်ကာ စတန့်ထွင် ဆိုင်ကယ်စီးနင်းပြခဲ့တဲ့ အဘိုးအိုတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ဒီအသည်းထိတ်စရာ စတန့်ပြကွက်ကို အသက် ၆၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဘိုးအို အန်ဒရေ ဒီကော့ခ်က စွမ်းရည်ပြသခဲ့တာပါ။ သူဟာ တောင်အာဖရိကနိုင်ငံ၊ ဂူတန်မြို့မှဖြစ်ပြီး နိုင်ငံရဲ့ သက်ရှိထင်ရှားရှိနေဆဲ အသက်အရှည်ဆုံး စတန့်သမားတဦး ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စတန့်ပြကွက် မစတင်ခင်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို အဝတ်တွေနဲ့ ပတ်ပြီး မီးလောင်လွယ်တဲ့ လောင်စာဆီတွေနဲ့ လောင်းပြီး စတင်ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။ သူ့ရှေ့မှာတော့ ဟာလေဒေဗစ်ဆန် အမျိုးအစား ဆိုင်ကယ်တစီးရှိနေပြီး ဖြတ်မောင်းနှင်ရမယ့် အရှည် ၁၆ မီတာရှိ ဥမင်လိုဏ်ခေါင်းပုံ မီးကွင်းကလည်း အဆင်သင့် ရှိနေတာပါ။ အဲဒီနောက်တော့ သူ့ခန္ဓာကိုယ်ကိုရော၊ မီးကွင်းကိုပါ တပြိုင်တည်း မီးရှို့ခဲ့ကြကာ ဆိုင်ကယ်နဲ့ ဖြတ်မောင်းပြလိုက်ချိန်မှာတော့ ဘေးမှာရပ်ကြည့်နေကြတဲ့ ပရိသတ်တွေဆီက အံ့အားသင့် အားပေးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဘိုးအိုဟာ မီးကွင်းရဲ့ တခြားတဘက်ကို ရောက်အောင် ဖြတ်မောင်းပြနိုင်ခဲ့ပြီး တဘက်ခြမ်းမှာတော့ အသင့်စောင့်နေကြသူတွေက သူ့ကို မီးသတ်ပိုက်နဲ့ဖျန်းကာ မီးငြှိမ်းသတ်ပေးခဲ့တာကို တွေ့ရပါတယ်။ ဥမင်လိုဏ်ခေါင်းပုံ မီးကွင်းကို ဒီဇိုင်းထွင် ဖန်တီးသူတဦးဖြစ်တဲ့ တိုင်နီဗန်ဝစ်ခ်ကတော့ “ဒီစတန့်ပြကွက်ကို ကြည့်ရတာ တကယ့်ကို အံ့မခန်းပါပဲ။ အစကအဆုံးထိ လက်မတွန့်ဘဲ ဖြတ်ပြသွားတာ အံ့သြစရာပါပဲ” လို့ ပြောပါတယ်။
4 years Ago
Up