ဆိုင်ကယ်ကို မိုင် ၃၀၀ ကျော် ခေါင်းထောင်မောင်းနှင်ပြီး စံချိန်သစ်တင်

May 3, 2017

ဆိုင်ကယ်ကို မိုင် ၃၀၀ ကျော် ခေါင်းထောင်မောင်းနှင်ပြီး စံချိန်သစ်တင် (ရုပ်သံ)

ဆိုင်ကယ်သမား မာဆာရု အဘေး (Masaru Abe) ဟာ ဆိုင်ကယ်ကို တဘီးတည်းနဲ့ မိုင် ၃၁၀ ကျော် ခေါင်းထောင်မောင်းနှင်ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ ဂျပန်ဆိုင်ကယ်သမား မာဆာရု အဘေးဟာ သူ့ရဲ့ ယာမာဟာ ဂျော်ဂ် စကူးတာ (Yamaha Jog scooter) ကို ၁၃ နာရီကျော်ကြာအောင် ခေါင်းထောင်မောင်းနှင်ပြီး ဆက်တိုက်ခေါင်းထောင်မောင်းနှင်တဲ့ ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။ အဲဒီလို စံချိန်သစ်တင်ဖို့ ဆိုင်းတာမာ (Saitama) ခရိုင် ကာဝဂုချိမြို့ ယာဉ်မောင်းပြိုင်ကွင်းမှာ မောင်းနှင်ခဲ့တာလို့ သိရပါတယ်။ ခရီးကြမ်းနဲ့ အလှပြ ဆိုင်ကယ်စီးသူ ယာဆုယူကီ ကူဒို (Yasuyuki Kudo) က ၁၉၉၁ ခုနှစ်မှာ ၂၀၅ မိုင်ကျော်ကို ဆိုင်ကယ်တဘီးတည်းနဲ့ ခေါင်းထောင်မောင်းနှင်ပြီး စံချိန်တင်ထားခဲ့ပါတယ်။ အဘေးက အခု ၃၁၁ မိုင်ကျော်ကို ဆိုင်ကယ်ခေါင်းထောင် မောင်းနှင်ပြီး စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဘေးက စက်ဝိုင်းပုံပတ်လမ်းမှာ ၁ နာရီကို မိုင် ၄၀ နှုန်းနဲ့ ထိန်းပြီးမောင်းနိုင်ခဲ့ပါတယ်။ မောင်းချိန် ၂ နာရီထဲ ဝင်လာတဲ့အခါမှာတော့ ခါးနာလာတာကြောင့်  အကိုက်အခဲပျောက်ဆေးသောက်ပြီး ဆက်မောင်းခဲ့ပါတယ်။ လေ့ကျင့်မှုကောင်းခဲ့တဲ့ အဘေးဟာ ၁၀ နာရီကျော်လာတဲ့အချိန်ထိ ဆက်မောင်းနိုင်ခဲ့ပါတယ်။ အဘေးဟာ အသက် ၃၃ နှစ်ရှိပြီ ဖြစ်ပြီး အရင်က စံချိန်တင်ခဲ့သူ ကူဒိုဟာလည်း သူ စံချိန်တင်ခဲ့တဲ့ ၁၉၉၁ ခုနှစ်မှာ အသက် ၃၃ နှစ် ဖြစ်ပါတယ်။ အဘေးဟာ ၈ နာရီ ၁၈ မိနစ်နဲ့ ၄၃ စက္ကန့်မှာ စံချိန်ဟောင်းကို ချိုးနိုင်ခဲ့ပါတယ်။ စံချိန်ချိုးပြီး နောက်ထပ် ၅ နာရီလောက်ကြာအောင် ဆက်မောင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ရည်မှန်းချက်အတိုင်း ကီလိုမီတာ ၆၀၀ ပြည့်အောင်တော့ မမောင်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ရုပ်သံ - http://www.onenewspage.com
4 years Ago
Up