ဆုန်ခလာ

May 4, 2020

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် အချုပ်ခန်းထဲ ရွှေ့ပြောင်းလုပ်သား ၁၈ ဦး ကိုရိုနာကူးစက်ခံရ 

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် လဝက အချုပ်ခန်းထဲမှာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံခြားသား နဲ့ တရားမဝင်ရွှေ့ ပြောင်းလုပ်သား ၄၂ ဦး ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရပြီးတဲ့နောက် မေလ ၄ ရက်နေ့မှာလည်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၈ ဦး ကူးစက်ခံရတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ် ၁၉ ကူး စက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန Centre for Covid-19 Situation Administration (CCSA) က ထုတ်ပြန်ပါတယ်။  မေလ ၄ ရက်မှာ ထိုင်းနိုင်ငံတွင်း နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၈ ဦးရှိပြီး အားလုံးဟာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ရှိ လဝကအချုပ်ခန်းထဲက တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ CCSA ပြောခွင့်ရ ဒေါက်တာ ထဝီးဆင် ဝိဆနုယိုးထင်းက နေ့စဉ်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါ ၁၈ ဦးထဲမှာ အသက် ၁၃ နှစ်မှ ၂၂ နှစ်ကြားရှိ မိန်းကလေး ၁၇ ဦးနဲ့  အသက် ၁၀ နှစ်ရွယ် ယောကျ်ားလေး ၁ ဦးတို့ ပါဝင်ကြောင်း၊ အဆိုပါ လဝက အကျဉ်း ထောင်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း တရားမဝင် နိုင်ငံခြားသား/ရွှေ့ပြောင်းလုပ်သား ၄၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရတာကြောင့် ဒီတစ်ခေါက်နဲ့ပါဆိုရင် အားလုံး ၆၀ ဦးရှိ သွားပြီလို့ ဆိုပါတယ်။ သူတို့ဆီကနေ နောက်ထပ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိအောင် စောင့်ရှောက်ကုသပေးနေပြီး သူတို့ကို လူသားခြင်းစာနာစိတ်ထားနဲ့ နယ်မြေထဲမှာထားခွင့်ပြုတဲ့ ဆုန်ခလာခရိုင်က ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ဒေါက်တာ ဝိစနုယိုးထင်းက ပြောသွားပါတယ်။  ဒီကနေ့ ထပ်မံတွေ့ရှိတဲ့ လူနာ ၁၈ ဦးဟာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။  ဧပြီ ၂၅ နေ့က တွေ့ရှိတဲ့ ၄၂ ဦးထဲမှာတော့ မြန်မာနိုင်ငံသားက ၃၄ ဦးနဲ့ အများဆုံးပါဝင်နေပါတယ်။  ဒါ့အပြင် ဘန်ကောက်နဲ့ အနီးတဝိုက်မှာ မြန်မာလုပ်သား ၁၈ ဦး ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာကြောင့် ထိုင်းမှာ အနည်းဆုံး မြန်မာ ၅၂ ဦး ကူးစက်ခံထားရပါတယ်။  ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ ထိုင်းကနေဖြတ်ပြီး မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာတွေ၊ မလေးရှားကနေ မြန်မာပြန်ဖို့အတွက် ပြန်ဝင်လာတဲ့ မြန်မာတွေ အထောက်အထားမရှိတဲ့အတွက် မကြာခဏ ဖမ်းဆီးခံရလေ့ရှိပါတယ်။  ပြီးခဲ့တဲ့  ဧပြီလ ၂၈ ရက်နေ့ကလည်း ထိုင်းတောင်ပိုင်း နရာသီဝပ်ခရိုင်ထဲမှာ မလေး ရှားနိုင်ငံကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံထားရတယ်လို့ မန်နေဂျာ အွန်လိုင်းထိုင်း သတင်းမှာ ဖော်ပြပါတယ်။  အဲဒီထဲမှာ အသက် ၁၅ နှစ်မှ ၁၆ နှစ်အရွယ် မိန်းကလေးတွေပါဝင်ပြီး သူတို့ဟာ မလေးရှားက ကိုဗစ်-၁၉ နှိမ်နင်းမှုကြောင့် ပြန်လာခဲ့ကြတာဖြစ်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်ခွင့် စာရွက်စာတမ်းအထောက်အထား တစုံတရာမရှိဘဲ ပွဲစားက လာထားထားတဲ့ နေအိမ်တလုံးမှာ ခိုလှုံစဉ် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။  ထိုင်းတောင်ပိုင်းမှာ ဆုန်ခလာခရိုင် လဝကအကျဉ်းထောင်ဟာ အကြီးဆုံးဖြစ်တဲ့အတွက် အခြားဒေသက အကျဉ်းသားတွေကိုလည်း လာရောက်လွှဲပြောင်းထားလေ့ရှိပါတယ်။ 
12 months Ago
Up