ဆုတောင်းပွဲ

June 1, 2022

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပွဲပြုလုပ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရောမမြို့ ဘက်ဆယ်လီကာ အဆောက်အအုံရှိ ဆန်တာမာရီယာမက်ဂျော်ရီခန်းမကို မေ ၃၁ ရက်က သွားရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံနဲ့ တခြားနေရာတွေက ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ ဆုတောင်းပွဲတခုကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

အသက် ၈၅ နှစ်ရှိ ပုပ်ရဟန်းမင်းကြီးဟာ ရောမအစဉ်အလာအရ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ ငြိမ်းချမ်းရေးသခင်မ မေရီရဲ့ရုပ်တုရှေ့မှာ ဆုတောင်းခဲ့တာပါ။

ဒီဆုတောင်းပွဲကို ယူကရိန်း၊ အီရတ်၊ ဆီးရီးယားနဲ့ တခြားနိုင်ငံတွေက ဘုရားကျောင်းတွေနဲ့လည်း ချိတ်ဆက်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေ ပြည့်နှက်နေတဲ့ နှလုံးသားတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ ခရစ်ယာန်သာသနာမှာ ဘုရားသခင်ရဲ့ မိခင်အဖြစ် ကြည်ညိုလေးစားခံရသူ မယ်တော် မေရီကို တောင်းဆိုခဲ့ပါတယ်။

ရောမမြို့မှာတော့ ယူကရိန်းအလံအရောင် အပြာနဲ့ အဝါရောင်တွေ ဝတ်ဆင်ထားတဲ့ လူပေါင်း ၁၀၀၀ လောက် တက်ရောက်ခဲ့ပြီး ဗာတီကန်ဆိုင်ရာ ယူကရိန်းသံအမတ်ကြီးလည်း တက်ရောက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီလက ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ပြီးကတည်းက ယူကရိန်းငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၁၈ ခုနှစ်တုန်းက ၁၅ ယောက်မြောက် ပုပ်ရဟန်းမင်း ဘန်နဒစ်ဟာလည်း ပထမကမ္ဘာစစ်ကို အဆုံးသတ်ပေးဖို့ ဘုရားသခင်ဆီမှာ တောင်းဆိုခဲ့ဖူးပါတယ်။

4 months Ago

January 9, 2022

ကယားတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF သူရဲကောင်းများအတွက် ဆုတောင်းပွဲပြုလုပ်

ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို ခုခံကာကွယ်ရင်း ပြည်သူ့အတွက် အသက်ပေးလှူသွားကြတဲ့ သူရဲကောင်း PDF ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီးမော့ဆို-ပြည်သူ့ကာကွယ်ရေးတပ် (DMO- PDF) ဖွဲ့ဝင်တွေက ဇန်နဝါရီ ၇ ရက်က စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

"ကျနော်တို့ PDF ရဲဘော်တွေဟာ ပြည်သူလူထုတွေရဲ့ အသက်နဲ့ အိုးအိမ်တွေကို သူတို့ရဲ့ အသက်တွေ ပေးပြီးကာကွယ်သွားကြတာ အားလုံးအသိပဲဖြစ်တယ်။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမထိုးရင်တောင် အထိုင်စခန်းကနေ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ ရွာထဲဝင်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ပစ္စည်းတွေ ယူတယ်။ တိုက်ပွဲဖြစ်ရင် လူနေအိမ်တွေပေါ် ဗုံးကြဲတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကျနော်တို့ PDF ရဲဘော်တွေက ခုခံကာကွယ်ပေးရင် သူရဲကောင်းဆန်စွာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုတောင်းပေးရတာဖြစ်တယ်" လို့ DMO- PDF တပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

အခုနှစ်ဇန်နဝါရီလအတွင်း လွိုင်ကော်နဲ့ ဒီးမော့ဆိုတိုက်ပွဲတွေအတွင်း PDF ရဲဘော် ၅ ဦး၊ KNDF ၂ ဦး ပြည်သူ့အတွက်အသက်ပေးလှူခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း အရာရှိ၊ စစ်သည်အများအပြား ထိခိုက်ဒဏ်ရာရသေဆုံးတာတွေ ရှိခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေသုံး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေလည်း သေဆုံးဒဏ်ရာရတာတွေရှိပြီး သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

9 months Ago
More News
Up