၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သုံးဦးကို နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုရှိ မြို့တော်ခမ်းမမှာ ဒီဇင်ဘာ ၁၀ ရက်က ဆုတံဆိပ်တွေနဲ့ လက်မှတ်တွေကို အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘယ်လာရုစ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ အဲလက်စ်ဘီရာလီအတ်စကီ၊ ရုရှားနိုင်ငံက Memorial လူ့အခွင့်အရေးအဖွဲ့နဲ့ ယူကရိန်းနိုင်ငံက Center for Civil Liberties လူ့အခွင့်အရေးအဖွဲ့တို့က ရရှိခဲ့ကြတာပါ။
အခုနှစ် အတွက် ဆုရရှိသူတွေထဲက ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အဲလက်စ်ဘီရာလီအတ်စကီအတွက် ဆုကိုတော့သူ့ရဲ့ ဇနီး နာတာလီယာ ပင်ချော့ခ်က ကိုယ်စား လက်ခံရယူခဲ့ပါတယ်။
အဲလက်စ်ဘီရာလီအတ်စကီဟာ ဘယ်လာရုစ်နိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာ သူ့ကို အခွန်ရှောင်မှုနဲ့ ဘီလာရုစ်အစိုးရက ထောင်ဒဏ်ချမှတ်ထားပါတယ်။
အသက် ၆၀ အရွယ် ဘီရာလီအတ်စကီဟာ ၁၉၈၀ ခုနှစ်တွေက ဘယ်လာရုစ်နိုင်ငံမှာ စတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို လှုံ့ဆော်ပေးခဲ့သူ ဖြစ်ပြီး သူ့ရဲ့မွေးရပ်မြေမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သူ့အသက်ကို မြှုပ်နှံထားသူဖြစ်တယ်လို့ နိုဘယ်ကော်မတီက ပြောကြားခဲ့ပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ သမ္မတရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအမြောက်အမြား ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက် ဘယ်လာရုစ်အာဏာပိုင်တွေက နိုင်ငံပိုင်မဟုတ်တဲ့ သတင်းမီဒီယာဌာနတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို ပိတ်သိမ်းလိုက်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ မဲ မသမာမှုတွေရှိခဲ့ကြောင်း အတိုက်အခံတွေက ပြောပါတယ်။
ဘီရာလီအတ်စကီကို နိုဘယ်ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့ကြောင်း အောက်တိုဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပြီးတဲ့နောက် သူထူထောင်ထားတဲ့ ဗီရာစနာအဖွဲ့ (Viasna) ရဲ့ ရှေ့နေက ဒါဟာ အချိန်တွေအကြာကြီး ခက်ခက်ခဲခဲနဲ့ လူ့အခွင့်အရေးအတွက် ဗျယ်ယတ်စကီးရဲ့ ဆောင်ရွက်ခဲ့တာတွေအပေါ် အသိအမှတ်ပြုခံရတာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
နိုဘယ်ဆုချီးမြှင့်ခံရတဲ့ ရုရှားနိုင်ငံက Memorial အဖွဲ့ကတော့ ဆိုဗီယက်ယူနီယံဟောင်းတုန်းက ကွန်မြူနစ်အစိုးရရဲ့ဖိနှိပ်မှုတွေ ခံစားခဲ့ရတဲ့ နိုဘယ်ဆုရှင် အန်ဒီရီဆာခါရော့ဗ်အပါအဝင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ၁၉၈၇ မှာ စတင်တည်ထောင်ခဲ့တာပါ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ဒီအဖွဲ့ဟာ ရုရှားမှာ အကြီးဆုံး လူ့အခွင့်အရေးအဖွဲ့ဖြစ်လာပါတယ်။
ဒီအဖွဲ့ကို နိုင်ငံရေးဖိနှပ်မှုတွေကို မှတ်တမ်းတင်ဖို့နဲ့ ကွန်မြူနစ်စနစ်ရဲ့အောက်မှာ ဖိနှိပ်ခံခဲ့ရသူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးကို ကူညီဖို့အတွက်ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ရုရှားနိုင်ငံမှာရော တခြားဆိုဗီယက်ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတွေမှာပါ သူတို့ရဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
နိုင်ငံခြားအေးဂျင့်များဆိုင်ရာ ဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ မီမိုရီယယ်အဖွဲ့ကိုဖျက်သိမ်းဖို့ ရုရှားတရားရုံးက အမိန့်ချခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလက်ထက်က နှိပ်ကွပ်ခဲ့သလို အတိုက်အခံတွေကို ရုရှားမှာ ပြန်လည်ကာစတင်ကာနှိပ်ကွပ်မှုတွေ တစ်နှစ်ကျော်လာခဲ့ပြီးတဲ့နောက်မှာ အခုလိုဖိအားပေး ဖျက်သိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မီမိုရီယယ်အဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် အားလိယက်အော်ဒဗော့က အခုလို နိုဘယ်ဆုအတွက် ရွေးချယ်ခံရတာဟာ စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်းနဲ့ ဒီဆုဟာ ရုရှားနိုင်ငံက လူ့အခွင့်အရေးအတွက် ခုခံကာကွယ်နေကြသူအားလုံးနဲ့ သက်ဆိုင်ကြောင်း ပြောခဲ့ပါတယ်။
အရပ်သားလွတ်လပ်ရေးစင်တာ Center for Civil Liberties အဖွဲ့ကိုတော့ ယူကရိန်းနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပိုမိုရရှိဖို့ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စင်တာအနေနဲ့ ယူကရိန်း အရပ်ဘက်အဖွဲ့အစည်း အားကောင်းလာအောင်နဲ့ ယူကရိန်းနိုင်ငံကို ဒီမိုကရေစီအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်အောင်လုပ်ဖို့ အာဏာပိုင်တွေကို ဖိအားပေးနိုင်ခဲ့ပါတယ်။
နိုဘယ်ဆုချီးမြှင့်ခံရတာနဲ့ပတ်သက်ပြီး “ဒီဆုဟာ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ ယူကရိန်းနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” လို့ အရပ်သားလွတ်လပ်ရေးစင်တာရဲ့ ခေါင်းဆောင်ဖြစ်သူ အိုလက်စန္ဒရာမတ်ဗီချော့ခ်ကပြောခဲ့ပါတယ်။
ဒီဆုရနဲ့အတူရရှိလာမယ့် ငွေကြေးနဲ့ အထောက်အပံ့တွေကို အကျဉ်းသားများလွတ်မြောက်ရေး၊ နိုင်ငံတကာလုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေးနဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ဒဏ်ကိုခံခဲ့ရသူတွေအတွက် တရားမျှတမှုရရှိရေးတို့မှာ အသုံးချသွားမှာဖြစ်တယ်လို့လည်း သူကပြောသွားပါတယ်။
နိုဘယ်ဆု ၆ ဆုထဲက အမျိုးအစား ၅ ခုကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ဒီဇင်ဘာ ၁၀ ရက်မှာပဲ အခမ်းအနားနဲ့ ဆုချီးမြှင့်တာဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုကိုတော့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ သီးခြားအခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းမှာ ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားပြီးနောက် ပထမဆုံး လူကိုယ်တိုင် တက်ရောက်နိုင်တဲ့ နိုဘယ်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက်က ခမ်းခမ်းနားနား ပြန်လည် ကျင်းပနိုင်ခဲ့တာဖြစ်လို့ အခမ်းအနားမှာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်က နိုဘယ်ဆုရရှိသူတွေလည်း တက်ရောက်လာကြပါတယ်။
ဘဏ်တွေကျရှုံးမှုကြောင့် ပိုမိုနက်ရှိုင်းတဲ့ စီးပွားရေးပျက်ကပ်တွေ ဖြစ်လာစေနိုင်တဲ့အပေါ် ဘယ်လို ရပ်တန့်တွန်းလှန်ရမလဲဆိုတဲ့ သုတေသနစာတမ်းအတွက် စီးပွားရေးပညာရှင်တွေဖြစ်တဲ့ ဒေါက်ဂလပ်စ် ဒိုင်းမွန်းနဲ့ ဖီးလစ်ပ်ဒစ်ဗစ်ဂ်တို့နဲ့အတူ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဘန်း ဘာနန်ကီက အခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။
နောက်ထပ်သိပ္ပံပညာရှင် အလန်းအက်စ်စပတ်၊ ဂျွန်ကလော်ဆာနဲ့ အန်တွန်ဇိုင်လင်ဂါတို့က ခရစ်ပ်တိုဂရပ်ဖီနဲ့ ကွန်ပျူတာနည်းပညာတို့မှာ အလျင်အမြန်တိုးတက်နေတဲ့ အက်ပလီကေးရှင်း အသစ်တွေအတွက် အခြေခံအုတ်မြစ်ချပေးနိုင်တဲ့ ကွမ်တမ်မက္ကန်းနစ်ဆိုင်ရာ စမ်းသပ်မှုကြောင့် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆိုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့တာပါ။
ဆွီဒင်မျိုးရိုးဗီဇပညာရှင် စဗန်တေး ပေ့ဘိုကတော့ လူသားသမိုင်းအစက မျိုးသုဉ်း ပျောက်ကွယ်သွားတဲ့ ဘိုဘေးဘီဘင်တွေကတဆင့် ယနေ့ခေတ်လူသားတွေအဖြစ် ဆင့်ကဲ ပြောင်းလဲလာတဲ့ နားလည်သိရှိမှုကို ပိုမိုခိုင်မာစေတဲ့ ရှာဖွေ့တွေ့ရှိချက်တွေကြောင့် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။
ပြင်သစ်စာရေးဆရာမကြီး အန်နီ အာနို ကတော့ ကိုယ်တိုင်ရေးအတ္ထုပတ္တိစာအုပ်တွေမှာ မိမိမှတ်ဉာဏ်နဲ့ လူမှု မညီမျှတွေကို လေ့လာဆန်းစစ်ထားတာကြောင့် ဒါဟာ "ရဲရင့်မှုနဲ့ လက်တွေ့ကျတဲ့ ထိုးထွင်းအသိဉာဏ် " တို့အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိသွားပါတယ်။