ဆွီဒင်နိုင်ငံ

August 5, 2017

ဆွီဒင်နိုင်ငံ တိရစ္ဆာန်ရုံတွင် ဝက်ဝံထိန်းတဦး ဝက်ဝံကိုက်ခံရ သေဆုံး

ဥရောပရဲ့ အကြီးဆုံး တိရစ္ဆာန်ဥယျဉ်တွေထဲက တခုဖြစ်တဲ့ ဆွီဒင်နိုင်ငံ Orsa Rovdjurspark ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ်ထဲမှာ ဝက်ဝံထိန်းတဦး ၀က်ဝံတိုက်ခိုက်ခံရလို့ သေဆုံးသွားပါတယ်။ လှောင်အိမ်ဝင်းကို သန့်ရှင်းရေးလုပ်နေတုန်း အညိုရောင် ဝက်ဝံကြီးက ခုန်အုပ်ပြီး တိုက်ခိုက်ခဲ့လို့ အသက် ၁၉ နှစ်အရွယ် ဝက်ဝံထိန်း သေဆုံးခဲ့ကြောင်း မေရာသတင်းမှာ သြဂုတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။ ဝက်ဝံကြီးက ဝန်းခြံစည်းရိုးအောက်ကို တူးဆွပြီး ထွက်လာတာလို့ သတင်းမှာ ထုတ်ပြန်ထားပါတယ်။ နောက်ဆုံးမှာ ဝက်ဝံကြီးကို သေနတ်နဲ့ ပစ်ခတ်ပြီး သတ်လိုက်ရတယ်လို့ ထိတ်လန့်ဖွယ် အဖြစ်ကို မြင်ခဲ့တဲ့ မျက်မြင်တဦးက ပြောပါတယ်။ ဝက်ဝံတိုက်ခိုက်ခံရတဲ့ ဝက်ဝံထိန်းကို ဟယ်လီကော်ပတာနဲ့ ဆေးရုံအမြန် ပို့ဆောင်လိုက်ပေမယ့် ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ တနှစ်သားအရွယ် ဝက်ဝံကြီးကို ရဲတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့ ပန်းခြံရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆဗန်ဘရန်ဘာ့ဂ်က ပြောပါတယ်။ “မနက်ပိုင်း အခင်းဖြစ်ပြီး လက်ရှိအခြေအနေအရ ပန်းခြံကို တနေ့လုံး ပိတ်ထားတယ်” လို့ ပန်းခြံရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။ ဝက်ဝံကြီးရဲ့ လှောင်အိမ်ဝင်းကို တူးမြောင်း၊ လျှပ်စစ်လွှတ်ထားတဲ့ စည်းရိုးဝန်းခြံတွေနဲ့ ကာထားတာဖြစ်ပေမယ့် ဝက်ဝံကြီးက ခြံစည်းရိုးအောက်ဘက်ကို တူးဆွပြီး ဝက်ဝံထိန်းရှိရာဆီ လာခဲ့တာလို့လည်း ဆိုပါတယ်။ Orsa Rovdjurspark တိရစ္ဆာန်ဥယျာဉ်ဟာ ဥရောပရဲ့ အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်တွေထဲက အကြီးဆုံးဥယျာဉ် တခုဖြစ်ပြီး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရဲ့ မြောက်ဖက် ၂၀၅ မိုင် အကွာမှာ ရှိပါတယ်။ ဒီတိရစ္ဆာန်ဥယျာဉ်က ဝက်ဝံ ၁၅ ကောင် ကျားသစ်တွေ၊ လင့်က်စ်ကြောင်မြီးတိုတွေနဲ့ ဝံပုလွေတွေ ရှိပြီး “ဒီဥယျာဉ်ထဲမှာ ဒီလိုဖြစ်တာက ပထမဦးဆုံးအကြိမ်ဖြစ်တာပဲ” လို့ မစ္စတာဘရန်ဘာ့ဂ်က ဆွီဒင်သတင်းဌာနတခုကို ပြောခဲ့ပါတယ်။ “အခုအချိန်ကတော့ ကျနော်တို့အားလုံး ထိုင်ပြီး ကျနော်တို့ရဲ့ လုံခြုံရေးအတွက် ပြန်လည်ဆန်းစစ်ရတော့မယ်၊ ကျနော်တို့တွေ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမယ်။ ဒါက တခါမှလည်း မဖြစ်ဖူးဘူး။ လက်တလောအချိန်မှာတော့ ဘာဖြစ်လဲဆိုတာအတွက် ကျနော်တို့မှာ ရှင်းပြစရာ မရှိပါဘူး၊ အားလုံး ပုံမှန်အတိုင်းပဲ ဆက်သွားရမှာပဲ၊ ဒါပေမယ့် တခုခုတော့ မှားနေပြီ” လို့ မစ္စတာ ဘရန်ဘာ့ဂ်က ရှင်းပြခဲ့ပါတယ်။
4 years Ago
Up