ဆွီဒင်တွင် လူပြက်မျက်နှာဖုံးစွပ်အမျိုးသားက ဆယ်ကျော်သက်တဦးကို ဓားဖြင့်ထိုး

October 15, 2016

ဆွီဒင်တွင် လူပြက်မျက်နှာဖုံးစွပ်အမျိုးသားက ဆယ်ကျော်သက်တဦးကို ဓားဖြင့်ထိုး

ဆွီဒင်နိုင်ငံအနောက်ပိုင်းမှာ လူပြက်မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတဦးဟာ ဆယ်ကျော်သက်အရွယ် လူငယ်တဦးကို ဓားနဲ့ထိုးသွားတယ်လို့ ဆွီဒင်ရဲတွေက ပြောလိုက်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ ဂူသန်ဘာ့ဂ်တောင်ပိုင်း ဗာဘာ့ဂ်မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က ဆယ်ကျော်သက်လူငယ်တစ်ဦး စီးကရက်ဝယ်ဖို့ အပြင်ကိုထွက်တုန်းမှာ လူပြက်မျက်နှာဖုံးစွပ်ထားတဲ့ လူက ဓားနဲ့ထိုးသွားတာကြောင့် အသေးစားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဆွီဒင်နိုင်ငံမှာ အမျိုးသမီးတစ်ဦးကိုလည်း လူပြက်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူ ၂ ဦးက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး နောက်တစ်ရက်မှာ ဒီကိစ္စဖြစ်ခဲ့တာပါ။ ဒီသတင်းကတော့ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ကြောက်စရာ ထူးဆန်းတဲ့ လူပြက်အဝတ်အစား/မျက်နှာဖုံးဝတ်ထားသူတွေနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေထဲက နောက်ဆုံးသတင်းပါ။ ရဲတွေကတော့ ဒီဆွီဒင်ဗာဘာ့ဂ်မြို့က ဓားနဲ့ထိုးသွားတဲ့ လူပြက်မျက်နှာဖုံးနဲ့လူကို ရှာနေဆဲဖြစ်ပြီး နွေရာသီတုန်းက အမေရိကန်နိုင်ငံမှာဖြစ်ခဲ့တဲ့ ဒီလူပြက်အဝတ်အစားဝတ် အကြမ်းဖက်သူတွေနဲ့ ဆက်စပ်မှုရှိ မရှိကိုတော့ မသိသေးပါဘူး။ ဆယ်ကျော်သက်ကောင်လေးကတော့ ပခုံးမှာ အသေးစားဒဏ်ရာရခဲ့ပါတယ်။ “ဒီလိုလုပ်ရပ်မျိုး ဘာကြောင့်လုပ်တယ်ဆိုတာ မသိဘူး၊ လုယက်မှုလည်းမဟုတ်ဘူး၊ အရင်က သူတို့ဒီလိုရန်စရှိလို့ လုပ်သလားဆိုတာလည်း ကျနော်မသိဘူး”လို့ ဒေသခံပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။ “ဒါက အမေရိကန်နိုင်ငံက ကူးစက်လာတဲ့ ဖက်ရှင်ဖြစ်နေမလားဆိုတာလည်း ပြောရခက်တယ်။ ဒါပေမယ့်လည်း လူပြက်မျက်နှာဖုံးနဲ့ လူတွေရဲ့လုပ်ရပ်ကတော့ ဖြစ်နေပြီ။” ဆွီဒင်နိုင်ငံပြည်ထဲရေးဝန်ကြီး အန်ဒါစ်ဂျီမန်းကတော့ ဆွီဒင်နိုင်ငံမှာ လူပြက်အဝတ်အစားတွေ၊ မျက်နှာဖုံးတွေ၊ ဝတ်ထားတာတွေ ပိုမိုတွေ့နေရပေမယ့် မစိုးရိမ်ကြဖို့ ပြောလိုက်ပါတယ်။ “ဒီလိုလူပြက်အဝတ်အစားတွေ မျက်နှာဖုံးတွေ စွပ်ထားတဲ့ တစ်စုံတစ်ယောက်ရဲ့ အပြောင်အပျက်တစ်ဝက် ပြောရာကနေ အခြားလူတစ်ယောက် တကယ်ဒုက္ခရောက်မှာမျိုးကိုတော့ ကျနော်တို့က မလိုချင်ဘူးလေ” လို့ ပြည်ထဲရေးဝန်ကြီးက တီတီသတင်းဌာနကို ပြောကြောင်းလည်း သိရပါတယ်။
5 years Ago
Up