ဆီးရီးယား ရှီယာဗလီကြီးတခုအနီး ဗုံးဖောက်ခွဲမှု ၂ ကြိမ်ဖြစ်၊ အနည်းဆုံး လူ ၅၀ သေဆုံး

February 1, 2016

ဆီးရီးယား ရှီယာဗလီကြီးတခုအနီး ဗုံးဖောက်ခွဲမှု ၂ ကြိမ်ဖြစ်၊ အနည်းဆုံး လူ ၅၀ သေဆုံး

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့တော် တောင်ပိုင်းက ရှီယာဗလီကြီးအနား ဇန်န၀ါရီ ၃၁ ရက်နေ့က အသေခံဗုံးဖောက်ခွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးသွားပါတယ်။ ဒီ ရှီယာဗလီကြီးကို လက်ဘနွန်ရှီယာ ဟစ်ဘိုလာအဖွဲ့က ကာကွယ်စောင့်ရှောက်ထားတာဖြစ်ပြီး ဗလီအနီးက ဘတ်စ်ကားမှတ်တိုင်တခုနဲ့ ဆီးရီးယား စစ်ဌာနချုပ် အဆောက်အဦတို့ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်က ကားအတော်များများလည်း ပျက်စီးခဲ့ပါတယ်။ ဒီဗုံးဖောက်ခွဲမှုကို အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့က သူတို့ရဲ့ ဖောက်ခွဲမှုလို့ တာဝန်ခံ ကြေညာထားပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တော်မှာ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပတော့မယ့် အချိန်မှာ အချိန်ကိုက် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဖောက်ခွဲမှုဟာ ဂျနီဗာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှောင့်ယှက်ဖို့ ရည်ရွယ်ဖောက်ခွဲတာလို့ အီးယူက စွပ်စွဲပါတယ်။ ပထမဖောက်ခွဲမှုကတော့ အင်အားအလွန်ပြင်းတဲ့ အသေခံ ကားဗုံးဖောက်ခွဲမှုကြီးဖြစ်ပြီး နောက်ဖောက်ခွဲမှုကတော့ ပထမဖောက်ခွဲမှုအပြီး လူတွေစုရုံးလာတဲ့အချိန်မှာ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရ ကိုယ်စားလှယ်တွေနဲ့ သူပုန်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဂျနီဗာမြို့တော်ကို ရောက်ရှိနေကြပြီ ဖြစ်ပေမယ့် ဆွေးနွေးပွဲကတော့ မစတင်နိုင်သေးပါဘူး။ အဓိက သူပုန်အဖွဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစခင် သူတို့တောင်းဆိုထားတဲ့ လူသားချင်းဆိုင်ရာ တောင်းဆိုမှုတွေကို အစိုးရတပ်က အရင်လိုက်နာရမယ်လို့ တောင်းဆိုထားပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း အရင်ဆွေးနွေးပွဲလိုပဲ ပျက်ပြားခဲ့ရင် ဆီးရီးယား ပြည်တွင်းစစ်ကနေ အရှေ့အလယ်ပိုင်းစစ်အဖြစ် ကူးပြောင်းသွားနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သတိပေး ပြောဆိုပါတယ်။
7 years Ago
Up