ဆီးရီးယား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန်ကို အီရန် သတိပေး

April 11, 2017

ဆီးရီးယား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန်ကို အီရန် သတိပေး

အမေရိကန်အနေနဲ့ ဆီးရီးယားကို နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒေသတွင်း အလွန်အန္တရာယ်ကြီးမားတဲ့ အခြေအနေကို ရောက်ရှိနိုင်တယ်လို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဧပြီ ၁၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ သမ္မတ ရိုဟာနီက အမေရိကန်အနေနဲ့ ဆီးရီးယား လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်တာဟာ မှားယွင်းတယ်၊ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အတွက် ရှုတ်ချသင့်တယ်လို့ တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံက အမေရိကန်ရဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူမှုကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဓာတုလက်နက်ရှိမရှိ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ အီရန်သမ္မတက “အမေရိကန်တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေ ကျရှုံးနေတာကို ကုစားဖို့ ရည်ရွယ်တာဖြစ်တယ်။ ဓာတုလက်နက်သုံးတာလည်း မှားတယ်။ အဲဒါကိုလည်း ရှုတ်ချသင့်တယ်" လို့ ပြောကြားခဲ့ပါတယ်။ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေအကြား ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး မေးရာမှာတော့ သမ္မတ ရိုဟာနီက “ကျေန်ာတို့ဟာ  သဘောတူစာချုပ်ကို အရင်ဆုံး ချိုးဖောက်မှာ မဟုတ်ပါဘူး။ တနိုင်ငံကများ ချိုးဖောက်ခဲ့ရင်တော့ သူတို့အမှားအတွက် နောင်တရလိမ့်မယ်" လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up