ဆီးရီးယားပြည်တွင်းစစ်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အော်စကာ စာရင်းဝင်

January 26, 2018

ဆီးရီးယားပြည်တွင်းစစ်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အော်စကာ စာရင်းဝင်

ဆီးရီးယားပြည်တွင်းစစ်အကြောင်း ရိုက်ကူးထားတဲ့ အော်စကာ ဆန်ကာတင်စာရင်းဝင် Last Men in Aleppo မှတ်တမ်းရုပ်ရှင်ကားဟာ တရားမျှတမှုအတွက် အသံကုန် အော်ဟစ်လိုက်တာ ဖြစ်တယ်လို့ ဒါရိုက်တာက ပြောပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကားကို အခုနှစ်အတွက် အော်စကာဆု ဆန်ကာတင်စာရင်း သွင်းခံခဲ့ရတာဟာ ဆီးရီးယားနိုင်ငံ ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို မီးမောင်းထိုးပြဖို့ အထောက်အကူ ဖြစ်မယ်လို့လည်း အဲဒီမှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဖားရက်စ် ဖေးယက်ဒ်က ပြောပါတယ်။ ဒါရိုက်တာ ဖားရက်စ် ဖေးယက်ဒ်က “တကယ့်ကိုကောင်းပါတယ်။ အခုလို အော်စကာစာရင်းဝင်တာ ကျနော် ဂုဏ်ယူပါတယ်။ ဒီဇာတ်ကားက တခြား ရုပ်ရှင်ဖန်တီးသူတွေ၊ အနုပညာရှင်တွေကို မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ဆိုတဲ့အတွေး ဖြစ်လာအောင် လမ်းဖွင့်ပေးပါလိမ့်မယ်။ အထူးသဖြင့် တိုင်းပြည် အဖျက်ဆီးခံလိုက်ရတဲ့ အချိန်မျိုးမှာ၊ ရင်းမြစ်သယံဇာတတွေ နည်းပါးလာတဲ့ အချိန်မျိုးမှာ၊ ကိုယ့်ကို ထောက်ခံရပ်တည်ပေးတဲ့ ပြည်သူတွေ နည်းနေချိန်မျိုးမှာပေါ့။ အဲဒီလို ဖြစ်နေချိန်မှာ အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် လူအများအပြားက ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခိုင်မာမှုကို ပေးပါလိမ့်မယ်။ "ဒီဇာတ်ကားဟာ ဆီးရီးယားအတွက် နောက်တကြိမ် အလင်းရောင် ဖြစ်လာစေမှာပါ။ အထူးသဖြင့် အခုလို စစ်ပွဲတွေ ဆက်ဖြစ်နေမယ့် အချိန်မျိုး၊ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ဖြစ်နေချိန်မျိုး၊ နောက်ထပ်စစ်ပွဲတွေ ဆက်ဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ အလင်းရောင် ဖြစ်လာစေမှာပါ။ ငြိမ်းချမ်းရေးအကြောင်း တွေးမိတဲ့အခါမှာတော့ ဆီးရီးယားရဲ့ နောက်တဆင့် တက်လာမယ့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆိုတဲ့ အခြေအနေမှာ ကျနော်တို့အနေနဲ့ စစ်ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ တရားမျှတမှုအတွက် အသံကုန် အော်ဟစ်လိုက်တာပါ။ စစ်ရာဇဝတ်မှုတွေကို ရည်ညွှန်းတာပါ။ အခုလို အော်စကာ ဆန်ကာတင်စာရင်း သွင်းခံရတာဟာ အထောက်အကူ အများကြီး ဖြစ်စေပါတယ်” လို့ ပြောကြားသွားပါတယ်။
3 years Ago
Up