ဆီးရီးယားသူပုန်နှင့် အိုင်အက်စ်စစ်သွေးကြွ တိုက်ခိုက်နေသည့်ရုပ်သံ ထွက်ပေါ်

February 23, 2017

ဆီးရီးယားသူပုန်နှင့် အိုင်အက်စ်စစ်သွေးကြွ တိုက်ခိုက်နေသည့်ရုပ်သံ ထွက်ပေါ်

ဆီးရီးယား ပုန်ကန်သူတွေနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေ ရင်ဆိုင်တိုက်ခိုက်မှုတွေကို ရိုက်ပြထားတဲ့ အပျော်တမ်းဗွီဒီယိုတခု ထွက်ပေါ်လာပါတယ်။ အဲဒီဗွီဒီယိုကို အယ်လ်ဘာ့မြို့ (AL Bab) မှာ ရိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဗွီဒီယိုမှာ မြို့ပျက်ထဲ တင့်ကားတွေ ဖြတ်သန်းသွားလာနေပုံတွေနဲ့ ဆီးရီးယားသူပုန်တွေ ပစ်ခတ်နေကြပုံတွေ ပြသထားပါတယ်။ မြို့အနှံ့ စစ်ဆင်ရေးတွေပြီးတဲ့အချိန်မှာ အစ္စလာမ္မစ်စစ်သွေးကြွ ၄၄ ဦး သေဆုံးခဲ့တယ်လို့ တူရကီအစိုးရက ကြေညာခဲ့ပြီးတဲ့နောက်မှာ ဒီဗွီဒီယို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်ကဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၀ မှာ လေတပ်စစ်ဆင်ရေး လုပ်ခဲ့ပါတယ်လို့ တူရကီစစ်တပ်က ပြောခဲ့ပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ အဓိကခံတပ်ဖြစ်တဲ့ အယ်လ်ဘာ့မြို့ဟာ တူရကီနယ်စပ်ကနေ မိုင် ၂၀ လောက်အဝေးမှာ ရှိပါတယ်။ တူရကီနဲ့ ဆီးရီးယားသူပုန်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့ကြတဲ့ သြဂုတ်လကစပြီး အယ်လ်ဘာ့ဟာ အဓိကပစ်မှတ် ဖြစ်နေခဲ့ပါတယ်။ အဲဒီ အပျော်တမ်းဗွီဒီယိုထဲမှာ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ထရပ်ကားတွေနဲ့ အရပ်သားတွေ ထွက်ခွာသွားနေကြတာကို တွေ့ရပါတယ်။ အိုင်အက်စ်တွေ အခြေစိုက်နေကြမယ်လို့ ထင်ရတဲ့ အဆောက်အဦကို စစ်ဆေးနေရင်း အိုင်အက်စ်အလံတွေကို ဆီးရီးယားသူပုန်တွေက လိုက်လံရှင်းလင်းနေတာကိုလည်း မြင်ရပါတယ်။ “အယ်လ်ဘားရိဒ်နဲ့ အယ်လ်ကာ့ဘ် အဝိုင်းတွေရောက်တဲ့အထိ မြို့တဝက်လောက်ကို ကျနော်တို့ ကယ်ခဲ့ပြီးပါပြီ။ ဒီနယ်မြေတခုလုံးက စစ်သွေးကြွတွေကို ရှင်းထုတ်လိုက်ပြီ” လို့ သူပုန်တဦးက ကင်မရာကိုကြည့်ပြီး ပြောခဲ့ပါတယ်။ ဆီးရီးယားသူပုန်တွေက သူတို့ရဲ့မြို့ကို ခုလို ရှင်းလင်းအပြီးမှာ တခြားဒေသတွေကိုလည်း လိုက်လံရှင်းလင်းဦးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
4 years Ago
Up