ဆီးရီးယားနိုင်ငံ

November 10, 2020

ဒုက္ခသည်များ ဆီးရီးယားနိုင်ငံ ပြန်လာနိုင်ရေး ဖန်တီးပေးရန် ရုရှားတိုက်တွန်း

မိခင်နိုင်ငံဆီ အလုံးအရင်းနဲ့ ပြန်ဝင်လာမယ့် ဆီးရီးယားဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားသမ္မတ အာဆက်ကို နိုဝင်ဘာ ၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယား ဒုက္ခသည်ပဋိပက္ခ ဖြေရှင်းရေး ရည်ရွယ်တဲ့ နှစ်ရက်ကြာ နိုင်ငံတကာ ကွန်ဖရင့် အကြို  နှစ်နိုင်ငံခေါင်းဆောင်တွေဟာ  ဗွီဒီယိုကောလ်နဲ့ ပြောဆိုခဲ့တာပါ။  သမ္မတ အာဆတ်ကတော့ စစ်နှောင်းပိုင်း ဆီးရီးယားအခြေအနေဟာ ဒုက္ခသည်တွေ ပြန်လက်ခံလောက်အောင် မကောင်းသေးဘူးလို့ သမ္မတ ပူတင်ကို ပြောဆိုပါတယ်။  အနောက်နိုင်ငံတွေရဲ့ ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသင့်တယ်လို့ အာဆတ်က ပြောပါတယ်။  ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားကြားဝင်မှုကြောင့် သမ္မတ အာဆက်ဟာ အသာစီး ရရှိခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားနိုင်ငံမှာ ရုရှားစစ်အခြေစိုက်စခန်း အများအပြားရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago

July 13, 2020

ဆီးရီးယားနိုင်ငံကို ကူညီထောက်ပံ့ခွင့် ကုလလုံခြုံရေးကောင်စီအတည်ပြု

တူရကီနိုင်ငံနယ်စပ်ကို ဖြတ်ပြီး ဆီးရီးယားနိုင်ငံထဲကို ထောက်ပံ့ရေးအကူအညီတွေ ပို့ပေးဖို့ ကုလလုံခြုံရေးကောင်စီက ဇူလိုင်လ ၁၁ ရက်မှာ အတည်ပြုလိုက်ပါပြီ။ ၆ နှစ်ကြာ ဆီးရီးယားစစ်ပွဲအပြီး သန်းချီတဲ့အရပ်သားတွေ ဆင်းရဲဒုက္ခရောက်နေတာပါ။ တူရကီနိုင်ငံကနေ ဖြတ်ပြီးပို့မယ့် အကူအညီတွေဟာ ဆီးရီးယား အနောက်မြောက်ပိုင်းက နိုင်ငံသားတွေအတွက် အသက်သွေးကြောပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဇူလိုင် ၁၁ ရက်နေ့က လုံခြုံရေးကောင်စီမှာ ဒီသီတင်းပတ်အတွင်း ငါးကြိမ်မြောက် မဲပေးရာမှာ အရင်အခေါက်တွေက ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ ဆီးရီးယားအစိုးရရဲ့ မိတ်ဖက် ရုရှားနဲ့ တရုတ်တို့ကို ကျန်အဖွဲ့ဝင်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဗီတိုအာဏာရှင် ရုရှားနဲ့ တရုတ်တို့က တူရကီ နယ်စပ်ဖြတ်ကူးရေး စခန်း ၂ ခုအစား တခုကိုသာ အတည်ပြုပေးချင်ကြတာပါ။ ဆီးရီးယားအနောက်မြောက်ပိုင်းဟာ နိုင်ငံတွင်းကနေတဆင့်လည်း သွားနိုင်တယ်လို့ သူတို့က ပြန်လှန်ငြင်းခုံပါတယ်။ လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၂ နိုင်ငံက ထောက်ခံမဲပေးပြီး ဒိုမီနီကံ ရီပတ်ဗလစ်က ကြားနေခဲ့ပါတယ်။ ၂၀၁၄ က ဆီးရီးယားနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ကူညီပေးရေးပစ္စည်းတွေ ပို့ချိန်က ဂျော်ဒန်နဲ့ အီရတ်နယ်စပ်တွေကို ဖြတ်ပြီး ပေးပို့ခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က ဆန့်ကျင်လို့ အဲဒီ လမ်းကြောင်းနှစ်ခုကို ဇန်နဝါရီလမှာ ဖြတ်တောက်ခဲ့ပါတယ်။ ရုရှားဟာ ဆီးရီးယားနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ၁၆ ကြိမ်တိုင် ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။ ၂၀၁၁ မှာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်က ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့လို့ ပြည်တွင်းစစ် ဖြစ်ခဲ့ပါတယ်။
2 years Ago
More News
Up